Labels

Show more

Hi !

မိုက်တိုင်စန် နဲ့ လင်းနော့လူးဝစ် သို့မဟုတ် ဆိုးပေကြီးများအတွဲ

 


ဂန္ထဝင်မြောက်တဲ့ ဘောက်ဆင်ပွဲကို ပြောပါဆိုရင် Lennox Lewis နဲ့ Mike Tyson တွဲဆိုင်းကို ချန်ထားလို့ မရဘူး။ ၂၀၀၂ ခုနှစ် ဇွန်လ (၈) ရက်နေ့မှာ ကစားခဲ့ကြတယ်။ အဲဒီအချိန်မှာ Lennox Lewis က WBC ၊ IBF နဲ့ The Ring Heavyweight Champion ဖြစ်ပါတယ်။ Mike Tyson က စိန်ခေါ်သူပါ။ [ဖတ်ရန် ကြာချိန် (၃) မိနစ်]


Lennox Lewis နဲ့ Mike Tyson တို့ဟာ သတင်းစာရှင်းလင်းပွဲတည်းက ထိုးကြိတ်ကုန်တယ်။ ကြားထဲက WBC ဥက္ကဋ္ဌ Jose Sulaiman တောင် ထိသွားသေးတယ်။ ကျွဲနှစ်ကောင်ကြားမှာ မြေဇာပင်ဖြစ်ရတာပေါ့။ ရန်ဖြစ်ဖူးတဲ့ ကစားသမားတွေက ကြိုးဝိုင်းမှာ ပြန်ဆုံကြမယ်ဆိုတော့ အားကစားကော်မရှင်က လုံခြုံရေးတွေ အများကြီးစီမံထားရတယ်။ ပွဲမထိုးခင်မှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့ လုံခြုံရေးတွေက ကစားသမားကြားမှာ ဘယ်ညာတန်းစီထားတယ်။ တခြားပွဲမှာ Ring Announcer က တစ်ယောက်တည်းဆိုပေမယ့် ဒီပွဲမှာ Jimmy Lennon Jr ဟာ Mike Tyson ဘက်က ကြေညာပေးရသလို Michael Buffer က Lennox Lewis ဘက်မှာပါ။

ပွဲအကြောင်းကို သိပ်မပြောချင်ပါဘူး။ Mike Tyson ရဲ့ အကောင်းဆုံးအချိန်တွေက လွန်ခဲ့ပါပြီ။ Lennox Lewis လို နည်းစနစ်ကောင်းတဲ့ ပြိုင်ဘက်ကို ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ Reach ကွာခြားချက်လည်း ရှိသေးတယ်။ (၈၄) လက်မနဲ့ (၇၁) လက်မဆိုတော့ Lennox Lewis က (၁၃) လက်မ သာတယ်။ Mike Tyson က အတင်းဝင်မှ အဆင်ပြေမယ့် အနေအထား။ Lennox Lewis က ပါးနပ်တော့ ထိအောင်ထိုးဖို့ မလွယ်ဘူး။ အချီကြာလာတော့ Mike Tyson က နှေးကွေးလာတယ်။ (၈) ချီမြောက်မှာ Lennox Lewis က Mike Tyson ကို အလဲထိုးသွားပါတယ်။

သူ့ခေတ် သူ့အခါတုန်းက ဝင်ငွေကောင်းတဲ့ တွဲဆိုင်းပါ။ Mike Tyson က ဒေါ်လာ (၃၅) သန်းရခဲ့သလို Lennox Lewis က ဒေါ်လာ (၅၀) သန်းရတယ်။ ပြိုင်ဆိုင်မှုပြင်းထန်သလို ပွဲရသပေးနိုင်တဲ့ တွဲဆိုင်းပါပဲ။ နှစ် (၂၀) ကျော်ပေမယ့် ကြည့်ရတာ အခုချိန်ထိ မရိုးသေးဘူး။ မကြည့်ရသေးရင် ဒီမှာ bit.ly/358AHDQ ကြည့်ပါ။ မကြာခင်မှာလည်း Mike Tyson နဲ့ Jake Paul တွဲဆိုင်းကို ကြည့်ရှုရပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Comments

Click !

Hey !