Labels

Show more

Hi !

မန်ယူနိုက်တက် ၁-၂ ဖူလ်ဟမ်

 



ဟိုလူမပါဘူး၊ ဒီလူမပါဘူးဆိုတဲ့ ဆင်ခြေပေးချင်တယ်ဆိုရင် တန်ဟက်ဂ်အပါအဝင် မန်ယူနိုက်တက်အသင်းသားတွေအနေနဲ့ ၁၉၉၈-၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ဒါမှမဟုတ် ခံစစ်ကစားသမား (၇)ယောက် ပွဲထုတ်ပြီး အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ ၂၀၁၁ FA ဖလားပွဲတွေကို အရင်ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာကြောင့် အဓိကကစားသမား မပါဝင်ခြင်းဆိုတာက ဘောလုံးပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခုမျှဖြစ်ပြီး ဒါကို ဖြေရှင်းရမှာ နည်းပြရဲ့တာဝန်၊ နှစ်ဆကြိုးစားရမှာ ကစားသမားတွေရဲ့ တာဝန်ဖြစ်ပါတယ်။ မန်ယူနိုက်တက်က ဒီအပိုင်းကို လစ်ဟင်းခဲ့တယ်။
ဟွိုက်လန်းက လက်ရှိမှာ မန်ယူနိုက်တက်အတွက် အားအထားရဆုံး ကစားသမားဖြစ်ပြီး ပင်တိုင်ဂိုးသွင်းရှင်လည်း ဖြစ်၊ Power play နဲ့ Pressing အတွက် ဆုံချက်၊ Focal point လည်း ဖြစ်ပါတယ်။ သူ မပါနိုင်တဲ့ ဟာကွက်က ကြီးလွန်းတယ်။ ဒါကို ဖြည့်နိုင်တဲ့သူ မရှိဘူးဆိုရင် ကစားကွက်ပြောင်းမလား၊ ကစားဟန်ပြောင်းမလား၊ စတိုင်လ်မတူတဲ့သူကို အသုံးပြုကြမလား . . အစရှိသဖြင့် ဖြေရှင်းနည်းအမျိုးမျိုး စဉ်းစားလို့ရတယ်။ တန်ဟက်ဂ် စဉ်းစားလိုက်တဲ့ အဖြေကတော့ လူငယ်အသင်းက တောင်ပံတိုက်စစ်ကစားသမား အိုမာရီဖော်ဆန်ပါ။
ဖော်ဆန်ကို ထည့်သွင်းခဲ့တဲ့အပြင် တောက်လျှောက်ဟန်ချက်ညီနေတဲ့ ဂါနာချို-ညာ၊ ရပ်ရှ်ဖို့ဒ်-ဘယ်ဆိုတဲ့ တောင်ပံတစ်စုံကို ပြောင်းလဲပစ်လိုက်တယ်။ ရလဒ်ကတော့ မြင်တဲ့အတိုင်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ ခြေချော်လက်ချော်ဆိုတာမျိုး မဟုတ်ဘဲ ရှုံးသင့်ရှုံးထိုက်လို့ ရှုံးသွားတဲ့ ပွဲတစ်ပွဲသာ ဖြစ်တယ်။
ဖော်ဆန်က ခြေစွမ်းကောင်းတဲ့ အလားအလာမြင့်လူငယ်ကစားသမားလေးပါ။ ဝုလ်ဗ်နဲ့ပွဲတုန်းက မိန်နူးရဲ့ နောက်ကျအနိုင်ဂိုးကို ဖန်တီးပေးခဲ့သလို၊ ယူ-၁၈ FA ဖလားကို ယူနိုက်တက်တို့ ဆွတ်ခူးတုန်းက မိန်နူး၊ ဂါနာချိုတို့နဲ့ အတူကစားခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖြစ်တယ်။ အသင်းတွင်းသတင်းတွေအရ တန်ဟက်ဂ်က သူ့ကို တော်တော်သဘောကျပြီး အသုံးပြုခွင့်ရဖို့ အမြဲချောင်းနေခဲ့တာ။ ခုနောက်ပိုင်းမှာ တောက်လျှောက်ဆိုသလို Matchday Squad ထဲမှာ ပါနေခဲ့တဲ့ ဒီကစားသမားလေးကို ပွဲထွက်ကစားဖို့ သင့်ပြီလို့ ဆုံးဖြတ်လိုက်တဲ့ပွဲက အသင်းရဲ့ In-form အဖြစ်ဆုံးကစားသမား မပါဝင်တဲ့ပွဲဖြစ်ခဲ့ပြီး ဖော်ဆန်ရဲ့ စွမ်းဆောင်ရည်က လူငယ်တစ်ယောက်အတွက် လက်ခံလို့ရသည့်တိုင်၊ မန်ယူနိုက်တက်ကတော့ ကစားဟန် ပုံမကျခဲ့ပါဘူး။
နေစရာမရှိတဲ့ ရပ်ရှ်ဖို့ဒ်ကို မြင်ရတာ စိတ်မချမ်းသာစရာပဲ။ ဘယ်တောင်ပံမှာကလွဲရင် ဘယ်မှာထားထား အလုပ်မဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ကို တိုက်စစ်အ‌ထောင်မှာ ထားကစားခြင်းက ကိုယ့်ကစားသမားကိုယ် နားမလည်ခြင်းပါ။ ဘယ်တောင်ပံမှာ ကစားရင် ရပ်ရှ်ဖို့ဒ်ဟာ ဂိုးမသွင်းသည့်တိုင်၊ အလွန်မြင့်မားတဲ့ Goal threat တစ်ဦးအဖြစ် ဒုက္ခပေးပါတယ်။ ဖူလ်ဟမ်ရဲ့ ညာနောက်ခံ ကက်စတာညာက ခံစစ်ကစားပုံ လိုအပ်ချက်ရှိလို့ အံကိုက်ပါပဲ။ အခုတော့ အဲဒီအရာ ပျက်တယ်။ ညာတောင်ပံမှာလည်း ခြေစွမ်းပြနေတာပဲ ဖြစ်တဲ့ ဂါနာချိုကို ဒီဘက်သယ်လာတော့ ညာတောင်ပံလည်း အားနည်းသွားတယ်။ တန်ဟက်ဂ်ဟာ EPL Debutant တစ်ဦးကို ပွဲထုတ်ဖို့ကျတော့ စွန့်စားရဲပြီး သူ့ Shape ကို ဆက်ထိန်းဖို့ကျတော့ ဘာလို့ မစွန့်စားရဲခဲ့တာလဲ။
ဒါမှမဟုတ် ရိုးရှင်းစွာပဲ အန်တိုနီဖြစ်ဖြစ်၊ အာမတ်ဖြစ်ဖြစ်ကို RW အဖြစ် ပွဲထုတ်လိုက်ရင်လည်း ရတာပဲ။ တော်မနေးကို အထောင်တင်ထားတာမျိုးလည်း သုံးလို့ရတယ်။ မနှစ်က No.10 Role မှာ ခြေစွမ်းပြခဲ့တဲ့ အာမတ်ကို False 9 ပုံစံမျိုး သုံးကြည့်လည်းရတယ်။ စမ်းကြည့်ရမှာမို့ အားလုံးက စွန့်စားတာတွေပါပဲ။ စွန့်စားစရာတွေထဲမှာ အသက်(၁၉)နှစ်အရွယ် လူငယ်လေးကို သုံးလိုက်တဲ့အပေါ် တန်ဟက်ဂ်ကို မေးခွန်းထုတ်ချင်မိတယ်။
ယူနိုက်တက်ရဲ့အထိုင်က ဘယ်လောက်အထိ မငြိမ်သလဲဆိုရင် ပထမပိုင်း(၁၀)မိနစ်ဝန်းကျင်မှာ ဘရူနို Pressing ပြေးထောက်လို့ လွတ်သွားတဲ့အလုံး၊ မက်ဂွိုင်းရား 1vs1 tackling လုပ်ဖို့ ကြိုးစားရင်း ခံစစ်မှာ ဖြစ်သွားတဲ့ အပေါက်တွေမှာ မြင်သာလွန်းတယ်။ ဘယ်သူက ဘာလုပ်‌လောက်တယ်၊ ဘယ်သူက ဘယ်နေရာမှာ ရှိတတ်တယ်၊ အဲဒီအခြေအနေတွေအတွက် ဘယ်လိုကူညီဖြည့်ဆည်းမလဲဆိုတဲ့ အတွဲအဖက် မရှိဘူး။ ဒါကို Cohesion လို့ ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ Teamwork ပေါ့။ ယူနိုက်တက် ၂၀၂၄ ထဲမှာ ဒီအရာကို ဖြည်းဖြည်းချင်း တိုးတက်ရယူနေတာပါ။ ဒါပေမဲ့ တန်ဟက်ဂ် လုပ်တာတွေကို ကြည့်ပြီး တစ်ခါတလေကျရင် သူ ဘာဖြစ်ချင်တာလဲ ခန့်မှန်းလို့ မရဘူး။ ဗျူဟာပြောင်းသလိုလို၊ မပြောင်းသလိုလို၊ လူပြောင်းချင်သလိုလို၊ မပြောင်းချင်သလိုလို၊ ဟိုလိုလို ဒီလိုလိုခံစားချက် အမြဲရတယ်။
ဖူလ်ဟမ်က အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ကစားသွားပြီး ထိုက်ထိုက်တန်တန် အနိုင်ယူသွားတာပါ။ တစ်ချိန်လုံး ပေါ်နေတဲ့ ယူနိုက်တက်ကွင်းလယ်က အပေါက်တွေကို လုပ်အားနှုန်းကောင်းကောင်းနဲ့ အသုံးချပြီး အကြီးအကျယ် ဒုက္ခပေးသွားတယ်။ Execution အားနည်းမှုကြောင့်သာ စောစောစီးစီး ဂိုးမရခဲ့တာ။ ဖူလ်ဟမ်ကစားသမားတွေရဲ့ ကိုယ်ဘာလုပ်ရမလဲ သေချာသိနေခြင်းက ယူနိုက်တက်ရဲ့ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလို ဖြစ်နေခြင်းနဲ့အတွေ့မှာ ထင်းထင်းပေါ်လွင်နေခဲ့တယ်။ ဒါပေမဲ့ ယူနိုက်တက်ကို မက်ဂွိုင်းရား ကယ်ဆယ်ခဲ့ပါသေးတယ်။
နောက်ကျချေပဂိုးနဲ့အတူ အချိန်ပို(၉)မိနစ်က ယူနိုက်တက်ပရိသတ်တွေကို စိတ်ကူးယဉ်ခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ စိတ်ကူးယဉ်တိမ်တိုက်တွေက အဒါမာထရာအိုရေးမုန်တိုင်းအောက်မှာ လွင့်စင်သွားပါတယ်။ တကယ်လို့သာ အဲရစ်ဆင် ကွင်းလယ်ကတည်းက Tactical foul လုပ်လိုက်ရင် ဂိုးပေးချင်မှ ပေးရလိမ့်မယ်။ အခုတော့ အဒါမာရဲ့ ပါဝါပြေးလမ်း၊ အီဝိုဘီရဲ့ ဥာဏ်ရည်မြင့်ကန်ချက်အောက်မှာ အိုနာနာ မတ်တပ်မေ့ခဲ့ပါတယ်။ အိုနာနာအတွက် အရုပ်ဆိုးတဲ့ ဂိုးပေးရမှုဖြစ်ပေမဲ့ သူ့အနေနဲ့ ဒီပွဲ ကစားတာ ကောင်းပါတယ်။ တားဆီးဖို့ မလွယ်တဲ့ ဂိုးတွေကို ခွင့်ပြုရခြင်းသာပါ။
ဒီပွဲအရှုံးက ယူနိုက်တက်အတွက် ထိခိုက်မှုကြီးပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ အပြိုင်နွှဲရမယ့်အချိန်မှာ အမှတ်လျော့၊ ဟွိုက်လန်းဒဏ်ရာရရုံတင်မကဘဲ ဟွိုက်လန်း ဒဏ်ရာရသွားတာနဲ့ ဒီအသင်း ချာချာလည်သွား၊ သုံးမရဖြစ်သွားတာကို မြင်လိုက်ရလို့ပါ။ ဒီအခြေအနေက အသင်းသားတွေကို ယုံကြည်မှု လျော့ကျစေပြီး ပြိုင်ဘက်တွေကို ယုံကြည်မှုတိုးစေမှာဖြစ်လို့ ဒီတစ်ပွဲသက်ရောက်မှုမျှ မဟုတ်ဘဲ အနာဂတ်ကိုပါ သက်ရောက်မှု ပေးနိုင်နေပါတယ်။

 

Comments

Click !

Hey !