"လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားကို အံ့အားသင့်ဖွယ် ဆွတ်ခူးနိုင်ခဲ့ရာမှာ သူတို့ရဲ့ သုံးယောက်တန်းကွင်းလယ်က အဓိကကျခဲ့ပါတယ်"
ကိုယ်တိုင်က ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်သလို ဘောလုံးပွဲတွေ သုံးသပ်ဝေဖန်ရာမှာလည်း နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဂယ်ရီလိုင်နီကာက ဒီလိုပြောလိုက်တော့ အားလုံးဇဝေဇဝါဖြစ်ကုန်ကြတယ်။ အဲ့ဒီနှစ်က လက်စတာဖလားရခဲ့တော့ နည်းပြရေနီယာရီဟာ 4-4-2ကစားကွက်နဲ့ ကွင်းလယ်နှစ်ယောက်ကိုပဲ အဓိကသုံးသွားခဲ့တာကိုး...
"သုံးခဲ့ပါတယ်။ ခင်ဗျားတို့ သေချာမကြည့်လို့ဖြစ်မှာပါ။ သုံးယောက်တန်းကွင်းလယ်ရဲ့ အလယ်ဗဟိုမှာ ဒရင့်ဝါးတားရှိတယ်။ သူ့ရဲ့ဘယ်ဖက်နဲ့ညာဖက်မှာတော့ ကန်တေရှိနေပါတယ်"
ဒီလိုနဲ့ ကန်တေဟာ လက်စတာရဲ့ သမိုင်းဝင်အောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ နောက်တစ်နှစ်မှာတော့ သူချယ်လ်ဆီးကိုရောက်လာပါတယ်...
ပြင်သစ်သားဖြစ်နေတာ၊ ကွင်းလယ်အဖျက်မှာ အင်မတန်ထူးချွန်တာတွေကြောင့် သူ့ကို မတ်ခီလီလီလက်သစ်လို့ ပရိသတ်တွေ၊ မီဒီယာတွေက နာမည်ပေးခဲ့ကြတယ်။ တချို့ကလည်း ကန်တီလီလီလို့ ထွင်ခေါ်ကြတယ်...
ဒါပေမယ့် ကန်တေဟာ ချယ်လ်ဆီးရောက်ပြီးနောက်ပိုင်း မတ်ခီလီလီroleမှာ သိပ်များများစားစား မကစားခဲ့ရပါဘူး...
"ဒီဘဲကတော့ စားပြန်ပြီ"လို့ တချို့ကထင်ရင်ထင်မယ်။ ဒါပေမယ့် အဲ့ဒါအမှန်ပါပဲ...
ဒါဆို ချယ်လ်ဆီးမှာ ကန်တေက ဘယ်roleတွေ ကစားခဲ့ရတာလဲ???
နည်းပြအဆက်ဆက်က တာဝန်ပေးလာသမျှ မတူကွဲပြားတဲ့ roleတွေ အတော်များများမှာ သူကစားခဲ့ရတာဖြစ်ပါတယ်...
ထပ်ရှင်းပါမယ်။ 2016-17 ကွန်တီလက်ထက် ချယ်လ်ဆီးပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တော့ ကွင်းလယ်အဖျက်အဖြစ် အဓိကတာဝန်ယူကစားခဲ့တာ မာတစ်ဖြစ်ပါတယ်။ ကန်တေက box-to-boxဆန်ဆန် တာဝန်ယူကစားခဲ့ရတယ်။ box-to-boxမှာမှ ခံစစ်ကို ပိုမိုအသားပေးတဲ့ box-to-boxပုံစံဖြစ်ပါတယ်...
နောက်တစ်နှစ်မှာ မာတစ်ထွက်သွားတော့ ကန်တေက primary No.6 roleနဲ့ ကွင်းလယ်အဖျက်တာဝန်ကို အဓိကယူရတယ်...
နောက်တစ်နှစ်၊ နည်းပြသစ်ဆာရီလက်ထက်မှာတော့ ဂျော်ဂျင်ဟိုကို primary 6 roleမှာ သုံးချင်တာကြောင့် ကန်တေ ရှေ့နည်းနည်းတက်ကစားခဲ့ရတယ်။ build-upတွေမှာလည်း ပိုပြီးတော့ ပါဝင်ပတ်သက်လာရတယ်...
ဆာရီအလွန်၊ လမ်းပတ်လက်ထက်ရောက်လာတော့ ကန်တေက ကွင်းလယ်အဖျက် ပြန်ဖြစ်သွားတယ်...
အဲ့ဒီနောက် တူချယ်လ်လက်ထက်မှာတော့ ကန်တေဟာ box-to-boxပြန်ဖြစ်သွားပြန်တယ်။ build-upတွေမှာလည်း အထိုက်အလျောက်ပါဝင်ရတယ်။ ခံစစ်ကြောင်းကိုလည်း ကူညီပေးရတယ်။ functionအစုံကို တာဝန်ယူကစားရတဲ့ box-to-boxမျိုး ဖြစ်သွားခဲ့ပါတယ်...
ကန်တေဟာ ချယ်လ်ဆီးနည်းပြအဆက်ဆက်လက်ထက်မှာ မတူညီတဲ့ role & functionတွေကို တာဝန်ယူကစားခဲ့ရတာဖြစ်ပါတယ်။ တချို့roleတွေမှာ သူကောင်းခဲ့တယ်။ တချို့roleတွေမှာ အတော့်ကိုကောင်းခဲ့တယ်။ တချို့roleတွေမှာတော့ သိပ်အဆင်မပြေခဲ့ဘူး...
ဒါပေမယ့် ကန်တေဟာ အဲ့ဒီအတွက် ဘယ်တုန်းကမှ စောဒကမတက်ခဲ့ပါဘူး။ ဘယ်နည်းပြက သူ့ကို ဘယ်roleမှာပဲထားလိုက်ထားလိုက် ကန်တေဟာ အမြဲတမ်း ပြုံးပြုံးပြုံးပြုံးနဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ မမောနိုင်မပန်းနိုင် ပြေးလွှားနေတတ်စမြဲပဲ။ သူ့ကိုပေးလာသမျှ တာဝန်တွေကို အကောင်းဆုံးလုပ်နိုင်အောင် သူအမြဲကြိုးစားနေတတ်စမြဲပါပဲ...
ဒါကြောင့် သောမတ်စ်တူချယ်လ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်...
"ကန်တေဟာ ကျနော်တို့ရဲ့ မိုဆာလာပဲ။ ကျနော်တို့ရဲ့ ဗန်ဒိုက်ပဲ။ ကျနော်တို့ရဲ့ ဒီဘရိုင်းနားပဲ။ အဲ့ဒါ သူ့အကြောင်းကို ကျနော် အရိုးဆုံးနဲ့အရှင်းဆုံး ပြောလိုက်တာ...
ပြီးတော့ သူဟာ ကျနော်တို့ရဲ့ နေမာပဲ။ ကျနော်တို့ရဲ့ အမ်ဘာပေပဲ" တဲ့...
Comments
Post a Comment