Labels

Show more

Hi !

အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ နယူးကာဆယ်ခံစစ်မှူး ဒန်ဘန်း

 


ဒန်ဘန်း တဲ့ သူ့နာမည်က။
မြန်မာနိုင်ငံမှာဆို သူ့ကို အရှည်ကြီး ဒါမှမဟုတ် လောရှည် ဒါမှမဟုတ် လန်ဘားလို့ ခေါ်ကြမှာ။ ခေါ်လည်းခေါ်ချင်စရာပဲလေ။ သူ့အရပ်ကိုလည်းကြည့်ဦး၊ ၆ ပေ ၆ လက်မတောင်။
ဒန်ဘန်းကို နယူးကာဆယ်မြို့နားက Blyth ဆိုတဲ့မြို့လေးမှာ မွေးတာ။ မိသားစုဝင်တွေက နယူးကာဆယ်ပရိသတ်တွေဆိုတော့ သူလည်းမွေးရာပါ နယူးကာဆယ်ပရိသတ် ဖြစ်လာတယ်။
ဘောလုံးကို တောင်ကန် မြောက်ကန် ကန်တတ်လာတဲ့အသက် ၈ နှစ်အရွယ်ရောက်တော့ မိဘတွေက နယူးကာဆယ်အကယ်ဒမီကို ပို့ပေးတယ်။ ဒီ​ငတိက အကယ်ဒမီမှာကတည်းက ဂလန်ဂလား။
အောင်မာ ဒန်ဘန်းနော်၊ ဘာမှတ်လို့တုန်း။ အကယ်ဒမီလည်းရောက်ရော ရှေ့တန်းတက်ဆော့ပစ်တာ။ အလန်ရှီးယားက သူ့ဟီးရိုးဆိုပြီး တဖွဖွပြောတတ်သေး။ နောက်ပြီး လူစုံရင် ဒုတိယအလန်ရှီးယား ဖြစ်လာစေရမယ်ဆိုပြီး ကြွားလုံးထုတ်သေးတယ်။ သူငယ်ချင်းတွေကတော့ ရယ်နေကြတာပေါ့။
အကယ်ဒမီမှာ ၃ နှစ်နေပြီး သူ့အသက် ၁၁ နှစ်အရွယ်လည်းရောက်ရော နယူးကာဆယ်အသင်းက သူ့ကို Release လုပ်လိုက်တယ်။ လုပ်မှာပေါ့၊ အလန်ရှီးယားကို လိုက်မီတာဆိုလို့ အရပ်အမောင်းကလွဲပြီး ဘာမျှမှ မရှိတာ။
ဒါနဲ့ပဲ မောင်ဘန်းလေးတစ်ယောက် ကြေကွဲစွာနဲ့ပဲ အပျော်တမ်းဆယ်ကျော်သက်ကလပ် New Hartley မှာ သွားဆော့ရလေသတည်းပေါ့။ နောက်တော့ မြို့ခံကလပ်တွေဖြစ်တဲ့ Blyth အသင်းတွေမှာ လှည့်ပတ်ဆော့နေခဲ့တယ်။ သိတယ်မလား...သူ့ဂိုးသွင်းစကေးတွေက ကြမ်းလွန်းတော့ ဘယ်အသင်းမှ သူ့ကို ရှေ့တန်းပေးမကစားဘူး။ ဟင့်အင်း...မင်း နောက်တန်းပဲဆော့တဲ့။
အင်း နောက်တန်းဆော့ရလည်း နောက်ကနေတက်သွင်းပစ်မယ်ဆိုပြီး မောင်ဘန်းတစ်ယောက် အဲ့ကတည်းက ကြိမ်းထားတာ။
အဲ့လိုနဲ့ မောင်ဘန်းလေး ၁၃ နှစ်သားမှာ ကြောက်ရွံ့တုန်လှုပ်စရာ အဖြစ်ဆိုးကြီးတစ်ခုကို မထင်မှတ်ဘဲ ရင်ဆိုင်လိုက်ရတယ်။ ခြံစည်းရိုးတစ်ခုပေါ်တွယ်တက်ရင်း သံဆူးကြိုးတွေကြားမှာ သူ့လက်သူကြွယ်က သွားညပ်နေတာ။ ပိုဆိုးသွားတာက အဲ့လက်သူကြွယ်မှာ လက်စွပ်တစ်ကွင်းကလည်း ဝတ်ထားတော့ လက်ကကြပ်နေပြီး ဆွဲထုတ်လို့မရဘူး။ ကြောက်ရွံ့နေတဲ့ မောင်ဘန်းလေးခမျာ မရမကအတင်းလှည့်ထုတ်တော့ လက်စွပ်နဲ့သံဆူးကြိုး ညှပ်လှီးသလိုဖြစ်ပြီး လက်သူ​ကြွယ်ပြတ်ထွက်ပြီး လူပါ ဒလိမ့်ကောက်ကွေးပြီး အောက်ပြုတ်ကျလာရှာတယ်။
ကလေးသာသာအရွယ်ဆိုတော့ မောင်ဘန်းလေး ကမ္ဘာပျက်လောက်အောင် ကြောက်လန့်ပြီး စိတ်ဓာတ်ကျတာပေါ့။ ဒီအဖြစ်ဆိုးကြီးက ညတိုင်းအိပ်မက်ထဲရောက်လာပြီး မောင်ဘန်းလေးကို ခြောက်လှန့်နေတယ်။ မောင်းဘန်းလေခမျာ ဒီအဖြစ်ကြောင့် သူအချစ်ဆုံးဖြစ်တဲ့ ဘောလုံးကိုတောင် နှစ်နဲ့ချီပြီး မကစားနိုင်ခဲ့ဘူး။
ဒီလိုနဲ့ပဲ ဒီအဖြစ်ဆိုးကြီးက ရုန်းထွက်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဘောလုံးပြန်ကစားဖို့ မိဘတွေနဲ့ ဆွေမျိုးတွေက တိုက်တွန်းလို့ Darlington FC မှာ လူရွေးဝင်ခံတော့ အရွေးခံရပြီး ပရိုဘောလုံးသမားဘဝကို အသက် ၁၇ နှစ်မှာ စတင်နိုင်ခဲ့ပါတယ်။
Darlington မှာ ဆော့နေရင်း ဘောလုံးမတောက်တခေါက်ကန်တတ်လာတဲ့ သူ့ကို ပရီးမီးယာလိဂ်ကလပ် ဖူလ်ဟမ်က မျက်စိကျပြီးခေါ်ခဲ့တယ်။ မောင်ဘန်းတစ်ယောက် ဝမ်းသာအားရနဲ့ အထုပ်ပိုက်ပြီး ပြေးလာတာ။ ဖူလ်ဟမ်ရောက်တော့ သူ့ကို ပထမအသင်းအတွက်ခေါ်တာမဟုတ်ဘူးတဲ့...အရန်အသင်းအတွက်တဲ့။ မောင်ဘန်းလေးခမျာ ဂိန်ခနဲပဲ။
သိပ်မကြာခင် ဖူလ်ဟမ်အသင်းက မောင်ဘန်းလေးကို လိဂ်ဝမ်းကလပ် ယိုဗီးလ် အသင်းဆီအငှားချလိုက်တာပဲ။ ယိုဗီးလ်ကို အငှားနဲ့ရောက်လာတဲ့ မောင်ဘန်းတစ်ယောက် မခံချင်စိတ်နဲ့ ထရိန်နင်မှာ စကေးတွေစွတ်ပြလိုက်တာ ရောက်ရောက်ချင်းပဲ ယိုဗီးလ်အတွက် ပွဲထွက်စကန်ဖို့ နည်းပြ ဂယ်ရီဂျွန်ဆင်က သူ့ကိုရွေးလိုက်တယ်။
အဲ့ပွဲက မောင်ဘန်းအတွက်အမှတ်တရပဲ။ အသင်းကို ရောက်မဆိုက်မှာပဲ ယိုဗီးလ်အတွက် ပွဲထွက်ဆော့ရတာလေ။ မောင်ဘန်းရဲ့ ယိုဗီးလ်က အဲ့နေ့က ပရက်စတန်ကို ပွဲချိန် ၈၆ မိနစ်ထိ နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနေတာ။ ယိုဗီးလ်က ချေပဂိုးရဖို့ အသည်းအသန်ဆော့နေချိန်... ဒီအချိန်မှာ မောင်ဘန်းတွေးလိုက်တယ်...ငါ့ကိုပွဲထွက်ခွင့်ပေးတဲ့ နည်းပြဂယ်ရီဂျွန်ဆင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဂိုးသွင်းပေးမှ ဖြစ်တော့မယ်ဆိုပြီး မောင်ဘန်းတစ်ယောက် ကြိုးစားပမ်းစားနဲ့ ဒိုင်းခနဲဂိုးသွင်းပေးလိုက်တယ်။
ကွင်းတစ်ကွင်းလုံး ပရိသတ်တွေရဲ့ ဂိုးးးးးး ဆိုပြီး အော်သံဟိန်းထွက်လာတယ်။ ပရက်စတန် ပရိသတ်တွေဆီကအသံ။ ဟုတ်တယ်...မောင်ဘန်းတစ်ယောက် Own Goal သွင်းလိုက်မိတာ။ မောင်ဘန်းတစ်ယောက် "ဟိုက် မှားပြီဟ" ဆိုပြီး ခေါင်းကုတ်ရင်း ရေရွတ်မိတော့တယ်။ ယိုဗီးလ်အသင်းက ချေပဂိုးလိုနေပါတယ်ဆိုမှ မောင်ဘန်းက ထပ်ပြီးကိုယ့်ဂိုးကိုယ်သွင်းပေးလိုက်တော့ မောင်ဘန်းတစ်ယောက် ခွေးဖြစ်ပြီ။ ဒါပေမယ့် မောင်ဘန်း တစ်မိနစ်အကြာမှာပဲ ပရက်စတန်ဘက်ကို တစ်ဂိုးပြန်သွင်းလိုက်တယ်။ ဒီတစ်ခါတော့ မောင်ဘန်းတစ်ယောက် တကယ့်ဂိုးပေါက်အမှန်သွင်းလိုက်တာ။ တစ်မိနစ်အတွင်းမှာပဲ ဒီဘက်ဂိုးရော ဟိုဘက်ဂိုးရော ဆက်တိုက်သွင်းလိုက်တဲ့ မောင်ဘန်းလေးကိုကြည့်ပြီး ယိုဗီးလ်ပရိသတ်တွေ စိတ်မဆိုးနိုင်ပဲ ရယ်ပဲရယ်နေကြတော့တယ်။
အဲ့နေ့က မောင်ဘန်းတို့ ယိုဗီးလ်အသင်းက သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် မောင်ဘန်းလေးကို ယိုဗီးလ်ပရိသတ်တွေ ချစ်သွားကြတယ်။ စပ်ဖြဲဖြဲနဲ့ ချစ်မွှေးပါတဲ့ မောင်ဘန်းပဲလေ။
ဒီလိုနဲ့ မောင်ဘန်းတစ်ယောက် ယိုဗီးလ်အတွက် ပွဲ ၃၀ ကျော်ကစားပြီး ခြေစွမ်းကောင်းတွေပြနိုင်ခဲ့လို့ ဖူလ်ဟမ်က ပြန်ခေါ်ခဲ့တယ်။ ၂၀၁၄ မှာ မောင်ဘန်းအသက် ၂၂ နှစ်ပြည့်တော့ ဖူလ်ဟမ်နဲ့အတူ ပရီးမီးယားလိဂ်ပွဲထွက် စ ကစားခွင့်ရခဲ့တယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ်အတွေ့အကြုံနည်းသေးတော့ ကစားခွင့်ရတစ်လှည့် အရန်ခုံထိုင်တစ်လှည့်နဲ့ အချိန်တွေကုန်နေခဲ့တယ်။ ဒီကြားထဲ ဘာမင်ဂမ်၊ ဝီဂန်အသင်းတွေဆီ အငှားသွားကစားခဲ့ပြီး နောက်ဆုံးမှာတော့ ဘရိုက်တန်မှာ ပရီးမီးယားလိဂ်ကစားသမားဘဝကို တင်းပြည့်ကျပ်ပြည့် တည်ဆောက်နိုင်ခဲ့တယ်။
ဘရိုက်တန်ရဲ့ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီး မထင်မှတ်ဘဲ တောက်ပတဲ့ကာလတွေမှာ ဒန်ဘန်းဟာ အဓိကဗဟိုခံစစ်မှူးဖြစ်ခဲ့တယ်။ ကစားသမားဘဝ နောက်ဆုံးအချိန်ဖြစ်တဲ့ အသက် ၃၀ နားလည်းရောက်လာပြီမို့ ဒုတိယအလန်ရှီးယားဖြစ်ခွင့်ကို စိတ်လျှော့ထားလိုက်ပြီး ဗဟိုခံစစ်မှာပဲ အကောင်းဆုံးကစားတော့တယ်။
နယူးကာဆယ်က ယိုယွင်းနေတဲ့ ဗဟိုခံစစ်ကိုပြင်ဖို့ ဆီဗီးလားဗဟိုခံစစ်မှူး ဒီယေဂိုကားလို့စ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ကြိုးစားပေမယ့် ဒီယေဂိုက ခေါင်းခါခဲ့ပါတယ်။ ဒါနဲ့ အက်ဒီဟောင်းတစ်ယောက် ဒီယေဂိုအစား ဒန်ဘန်းကို ခေါ်ပေးပါလို့ ပြောလိုက်ချိန်မှာ နယူးကာဆယ်ဒါရိုက်တာတွေက နားမလည်နိုင်သလိုဖြစ်ခဲ့ရတယ်။
သို့ပေမယ့် ဒါရိုက်တာကတော့ အက်ဒီဟောင်းတောင်းဆိုသလိုပဲ အသက် ၂၉ နှစ်အရွယ် ဒန်ဘန်းကိုခေါ်ဖို့ ပေါင် ၇ သန်းနဲ့ ဘရိုက်တန်ကို ဆက်သွယ်ခဲ့ပြီး ဘရိုက်တန်က ပေါင် သန်း ၂၀ မရရင် ဒန်ဘန်းကို မရောင်းဘူးဆိုပြီး ပြောခဲ့တယ်။
ဒီသတင်းကို ဒန်ဘန်းကြားလိုက်ရချိန်မှာ နေလို့မရတော့ဘူး။ သူ့ကစားသမားဘဝကုန်ခါနီးမှာ သူ့ငယ်ဘဝအိပ်မက်အသင်းဖြစ်တဲ့ နယူးကာဆယ်က ကမ်းလှမ်းလာတော့ သူ့အိပ်မက်တွေ ပြန်အသက်သွင်းချိန်ကျပြီဆိုပြီး ရှိသမျှသတ္တိတွေအားလုံးစုပြီး နည်းပြဂရေဟမ်ပေါ်တာနဲ့ ဘရိုက်တန်အားကစားဒါရိုက်တာ ဒေးဗစ်ဝီယာတို့ကို သွားတွေ့ခဲ့တယ်။ သူအနားမယူခင် သူ့အိပ်မက်အသင်းဖြစ်တဲ့ နယူးကာဆယ်မှာ ကစားခွင့်ရခဲ့ချင်တယ်ဆိုပြီး တောင်းပန်ပြောဆိုခဲ့လို့ ဘရိုက်တန်က နောက်ဆုံးမှာ ဒန်ဘန်းကို ပေါင် ၁၃ သန်းတည်းနဲ့ နယူးကာဆယ်ကို ထွက်ခွာခွင့်ပေးခဲ့တော့တယ်။
အဲ့ဒီနေ့က ဒန်ဘန်း ရဲ့ ဘဝမှာ သမိုင်းသစ် စတင်ခဲ့ပါပြီ။
ဒန်ဘန်းတင်မကဘူး နယူးကာဆယ်အမာခံပရိသတ်တွေဖြစ်တဲ့ ဒန်ဘန်းတို့ တစ်မိသားစုလုံး ပြုံးပျော်နေခဲ့ကြတယ်။ မိသားစုလိုက်အားပေးတဲ့ အသင်းကြီးတစ်သင်းရဲ့ ကစားသမားအဖြစ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဒန်ဘန်းတို့ တစ်ဆွေတစ်မျိုးလုံးရဲ့ အပျော်ဟာ ဘာနဲ့မှ နှိုင်းလို့မရဘူး။
ဒန်ဘန်းဟာ သူ့ကို ခေါ်ယူပေးခဲ့တဲ့ နည်းပြအက်ဒီဟောင်းနဲ့ တာဝန်ရှိတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောတယ်။ အက်ဒီ​ဟောင်းကတော့ ပြန်ပြောပါတယ်။ ယိုဗီးလ်နည်းပြ ဂယ်ရီဂျွန်ဆင်ကို ကျေးဇူးဆပ်သလိုတော့ မဆပ်ဖို့ ရယ်ရယ်မောမောနဲ့ပြန်ပြောလို့ အားလုံး ဝိုင်းရယ်ရသေးတယ်။
ဒန်ဘန်းရဲ့ အိပ်မက်ခရီးက အကောင်းဆုံးစတင်နိုင်ခဲ့တယ်။ ဒန်ဘန်းဟာ နယူးကာဆယ်ခံစစ်ကြောင်းမှာ အုတ်တံတိုင်းတစ်ခုလိုပဲ အသေအကြေကြိုးစားပေးခဲ့တယ်။ အသင်းကို အရည်အသွေးမြင့် လူငယ်ခံစစ်မှူး ဘော့မန်းရောက်လာချိန်မှာတော့ ဒန်ဘန်းဟာ အရန်ခုံကို ခေတ္တပြန်ရောက်သွားတယ်။
ဒါပေမယ့် လူစားဝင်ကစားခွင့်ရချိန်တိုင်းမှာ ဒန်ဘန်းဟာ နယူးကာဆယ်အတွက် ဘယ်လိုနေရာက ပေးဆပ်ရရ အကောင်းဆုံးပေးဆပ် ကစားမယ်ဆိုတဲ့စိတ်နဲ့ ကစားတယ်။
ဒါကြောင့် ယိုယွင်းပျက်စီးနေတဲ့ ဘယ်စွန်ခံစစ်ကြောင်းကို ဖာထေးဖို့ အက်ဒီဟောင်းဟာ ထူးဆန်းစွာနဲ့ပဲ ဒန်ဘန်းကို ဘယ်စွန်ခံစစ်ကစားစေတယ်။ လူကောင်ကြီးပြီး ဂလန်ဂလားနဲ့ တိုက်စစ်ကို လိုက်ပါမှုအင်မတန် အားနည်းတဲ့ ဗဟိုခံစစ်မှူးကို ဘာကြောင့် ဘယ်စွန်ထုတ်ဆော့တာလဲဆိုပြီး ပရိသတ်တွေက အက်ဒီဟောင်းကို စိတ်ပျက်ကြတယ်။
ဒါပေမယ့် ဒန်ဘန်း၊ ဖာဘီယန်ရှား၊ ဘော့မန်းနဲ့ ထရစ်ပီယာတို့ရဲ့ ခံစစ်ကြောင်းဟာ (2022-2023) ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်ဆိုတာကို ဒန်ဘန်းအပါအဝင် သူတို့လေးယောက်လုံး သက်သေပြနိုင်ချိန်မှာတော့ ပရိသတ်တွေ ကျေနပ်ခဲ့ရပါတော့တယ်။
ဒါပေမယ့် လူတစ်ယောက်ကတော့ မကျေနပ်သေးပါဘူး။
ဘယ်သူဖြစ်မလဲ... ဒန်ဘန်း ပဲပေါ့။
ဒန်ဘန်းကတော့ လုံးဝ မကျေနပ်သေးပါဘူး။ သူ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့ အလန်ရှီးယားလိုမျိုး နယူးကာဆယ်အတွက် ဂိုးသွင်းပေးမယ်ဆိုတဲ့ အိပ်မက်အကောင်အထည် မဖော်နိုင်သေးလို့ သူ့စိတ်ထဲ မတင်မကျ ဖြစ်နေဆဲပါပဲ။
နောက်ဆုံးမှာတော့ ဒန်ဘန်းရဲ့ အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ။ (10.1.2023) က လက်စတာနဲ့ပွဲမှာ ဘယ်စွ​န်ခံစစ်ကြောင်းကနေ တိုက်စစ်ကို တောက်လျှောက်လိုက်ပါခဲ့ပြီး ဂျိုလင်တန်ရဲ့ပေးပို့မှုကို လက်စတာဧရိယာထဲ နောက်ခံလူတွေကို ​လိမ်ခေါက်ဖြတ်ကျော်ဆွဲပြေးပြီး လက်စတာဂိုးပေါက်ထဲ လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးပိုက်နဲ့ ဘောလုံးမိတ်ဆက်သွားတဲ့အခိုက် စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းကြီးထဲက ဂိုးးးးးးးးးးးး ဆိုပြီးအော်လိုက်တဲ့ ပရိသတ်တွေရဲ့အသံဟာ အရင့်အရင်နေ့တွေကထက် ပိုကျယ်နေခဲ့ပါတယ်။
တကယ့်ကို အလန်ရှီးယားဝင်စားပြီး အလွန်ကောင်းမွန်တဲ့ခြေစွမ်းနဲ့ လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒန်ဘန်းအတွက် ပြီးပြည့်စုံခဲ့ပါပြီ။ ဒန်ဘန်းတို့ တစ်ဆွေတစ်မျိုးလုံး နှစ် ၃၀ တိတိ တောင့်တခဲ့တဲ့ အိပ်မက်တွေ အားလုံး ပြီးပြည့်စုံသွားခဲ့ပါပြီ။
ဒန်ဘန်းအတွက် ကမ္ဘာ့ဖလားလည်းမလိုပါဘူး။ ရွှေဘောလုံးဆုလည်း သူမသိပါဘူး။ သူ့အတွက်တစ်ခုတည်းပဲလိုပါတယ်။ ဟုတ်ပါတယ်... သူသိပ်ချစ်တဲ့ မိခင်ကလပ် နယူးကာဆယ်ယူနိုက်တက်အတွက် စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းထဲမှာ သူ့ဟီးရိုး အလန်ရှီးယားလိုစကေးမျိုးနဲ့ ဂိုးလေးတစ်ဂိုးပဲ သူ့ဘဝမှာ လိုချင်ခဲ့တာပါ။

 

Comments

Click !

Hey !