Labels

Show more

Hi !

ရိုးရာကျားတွေထဲကမှ စိန်တစ်ပွင့် တွေ့မရှောင်

 


အသည်းမကြောင်တဲ့ တွေ့မရှောင်
တစ်ချိန်က လက်ဝှေ့ဆိုင်းသံ ကြားရာအရပ်တိုင်းမှာ သူ့ကို တွေ့ရတတ်ပါသည်။
ခုတော့ သူ ကြိုးဝိုင်းကို ကျောခိုင်းသွားခဲ့တာ ကြာပါပြီ။ ဒဏ်ချက်များဖြင့် ရင့်ကျက်နေသော သူ့မျက်နှာသည် ကြိုးဝိုင်းထဲ၌ မာထန်သလောက် အပြင်တွင် ပုခက်တွင်းက ကလေးငယ်တစ်ယောက်၏ ဖြူစင်သော အပြုံးမျိုးကို ပိုင်ဆိုင်ထားပါသည်။ ပွင့်လင်းရာသီရောက်လို့ စိတ်လှုပ်ရှားဖွယ် လက်ဝှေ့ဗိန်းမောင်းသံ ကြားတိုင်း ကြိုးဝိုင်းကို သူလွမ်းနေတတ်ပါသည်။
“လက်ဝှေ့က ကျနော့်ဘဝဖြစ်ခဲ့တာဆိုတော့ဗျာ..၊ အမှတ်ရစရာ ချည်းပဲပေါ့” ဟု သူရရှိခဲ့သော အလံနှင့်ဆုတံဆိပ်များကို ရီဝေသော မျက်လုံးဖြင့်လှမ်းငေးကာ ပြောသည်။
အမည်ရင်းမှာ ရန်နိုင်လင်းဖြစ်ပြီး အဘ ဦးမြသောင်း၊ အမိ ဒေါ်ညိုညိုခင်တို့က မွန်ပြည်နယ် မုဒုံမြို့တော်ကူး-တံခွန်တိုင် ရွာလေးတွင် မွေးဖွားခဲ့သော်လည်း သူစကြီးပြင်းခဲ့တာက တနင်္သာရီတိုင်း၊ ပုလောမြို့။ ဝါသနာတူ မွေးချင်းလည်း မရှိ။ ၁၉၈၂ခု သြဂုတ်လ ၈ ရက်ဖွား ရန်နိုင်လင်းတစ်ယောက် စင်မြင့်ကြိုးဝိုင်းထဲ ခုန်ဝင်ကာ အသည်းကောင်းစွာနဲ့ ပွဲတောင်းခဲ့သည်က ၁၉၉၈ခုနစ်က ပုလောမြို့မအားကစားရုံမှာ လုပ်ခဲ့တဲ့ (၁၀)မြို့နယ်လက်ဝှေ့ပွဲ၊ အသက် ၁၆ နှစ်အရွယ် လူလားမမြောက် တမြောက်တွင်(၃)ချီ ကြားပွဲကို ညီညီစိုးနှင့်ထိုးရ၏။
ဝါသနာ အရင်းခံဖြင့် ကိုယ့်ပါကိုယ် ကျင့်၍ထိုးခဲ့သော သူ၏ဒုတိယကြားပွဲက သရေကျပါသည်။ ထိုပွဲအပြီးတွင် လက်ဦးဆရာ ဖြစ်လာမည့် ဦးမြင့်လွငက “လာရောက်လေ့ကျင့်နိုင်သည်” ဟု ခေါ်ခဲ့သည်။ ဆရာမြင့်လွင်သည် လေ့ကျင့်ရင် မညှာတတ်။ သူ့အရင်ရောက်နေသော သူ့ထက် အသက်ကြီးသူတွေနှင့် ယှဉ်ပြေးခိုင်း၊ အမှီလိုက်ခိုင်း၏။ သူကကျော်အောင် ပြေးပြလိုက်တော့ အားလုံးက သဘောကျခဲ့သည်။ သူဝမ်းသာအားရ နေ့စဉ်မပျက် သွားရောက် လေ့ကျင့်သင်ယူခဲ့ပုံက သူက ပြောပြသည်။
“ခုတော့ သူ ဆုံးသွားတာ (၄) နှစ်လောက်ရှိပြီလေ..၊ လက်ဦးဆရာဆိုတော့ အမြဲသတိရနေပါတယ်ဗျာ..”
သူ့အသံက ဆို့ဆို့ နစ်နစ်။
မြိတ်မြို့မှ ဆရာဦးမြင့်ဝေ(ရေမြွေ)ထံတွင်လည်း သွားရောက် လေ့ကျင့်သင်ကြားကာ တိုင်းတွင်းတိုင်းပြင် လက်ဝှေ့ပွဲများတွင် “ပုလောရန်နိုင်”အဖြင့် လှည့်ထိုးခဲ့လေသည်။ ၂၀၀၂ ခုနစ် ရန်ကုန်တွင်ကျင်းပသော ပြည်နယ်နှင့်တိုင်း လက်ဝှေ့ပြိုင်ပွဲသို့ ဆရာရေမြွေ၏ ဦးဆောင်မှုဖြင့် တနင်္သာရီတိုင်း ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။ ထိုပွဲမှအပြန်တွင် ဆရာရေမြွေက နာမည်အသစ်ဖြင့် ထိုးစေချင်ကြောင်းပြောပြီး တစ်ပင်တိုင်နဲ့ တွေ့မရှောင် ဆိုသော နာမည်နှစ်လုံးမှ တစ်လုံးရွေးရန် သူ့ကို ပြော၏။ သူက မရွေးဖြစ်။

 
“လက်ဝှေ့ပွဲ နီးလာတော့ ဆရာက စိတ်မရှည်တော့ဘဲ တွေ့မရှောင် ပဲ လုပ်လိုက်တော့လို့ ပြောခဲ့တယ်၊ အဲဒီကစ တွေ့မရှောင် ဖြစ်လာတာပဲဗျ”
တောက်မည့်မီးခဲ.. တရဲရဲ ဆိုသလိုပင် သူ၏ အာသီသက တိုင်းအတွင်း လှည့်ထိုးနေရုံမျှဖြင့် မတင်းတိမ်ခဲ့။ ရန်ကုန် KLN (ကျော်လေးနိုင်)ကလပ်မှာကစားနေတဲ့ စောဇွဲလေးက ကူညီဆက်သွယ်ပေးခဲ့လို့ ၂၀၀၅ခုနစ် မတ်လမှာ ရန်ကုန်ကို တစ်ယောက်တည်း တက်သွားတာဗျ၊ ရန်ကုန်အဝေးပြေးဂိတ်မှာ ဆရာအေးချိုဦးက လာကြိုပြီး ကမ္ဘာအေးဘုရား လမ်း KLN ကလပ်သို့ ခေါ်ဆောင်ခဲ့တယ်လေ” ဟု သူ၏ရန်ကုန်ခရီးအား ရှင်းပြပါသည်။
သူ၏လက်ဝှေ့ပွဲများတွင် အေးချိုဦး(ကော့သောင်း)သည် သူ့အား အစဉ်တစ်စိုက် စောင့်ရှောက်ကူညီခဲ့သူဟု သူက ပြောပြသည်။ ထိုအချိန်က တနင်္သာရီတိုင်းသားတို့ရဲ့ အချစ်တော်လေးကို တိုင်းအတွင်းပွဲစဉ်များတွင် နိုင်ကြေး(၃)သိန်း ရှုံးကြေး(၂)သိန်း သတ်မှတ်ချီးမြှင့်ခဲ့သော်လည်း..၊ အင်းစိန်အားကစားရုံ လက်ဝှေ့ပွဲစီစဉ်သူများက နိုင်ကြေးတစ်သိန်းငါးသောင်း ရှုံးကြေးတစ်သိန်း ဖြင့်သာ ကမ်းလှမ်းလာခဲ့ပါသတဲ့။ ဆုကြေးထက်ဝက်တိတိ လျော့ကျသွားသဖြင့် သူ့စိတ်ထဲ မတင်မကျ ဖြစ်ခဲ့ရ၏။ သို့သော်.. စောဇွဲလေး၏ ရန်ကုန်ပရိသတ်ရအောင် တစ်ပွဲလောက် ထိုးသင့်အကြံပြုချက်ကို လက်ခံကာ ရန်ကြီးအောင်နှင့် ယှဉ်ပြိုင်ရမည့် ရန်ကုန်ကြိုးဝိုင်းထဲ ပထမအကြိမ်အဖြင့် ရဲရဲခုန်ဝင်လိုက်တော့သည်။ ထိုပွဲနိုင်သောအခါ ရန်ကုန်ပရိသတ်လက်ခံမှု အထိုက်အလျှောက် ရခဲ့ပြီး လက်ဝှေ့ပွဲစီစဉ်သူတွေမှ သတိထားမိလာကာ နောက်ပွဲတွေအတွက် ချိတ်ဆက် ကမ်းလှမ်းလာကြပါသည်။

 
၂၀၀၇ ခုနှစ်(၆၀)ကီလိုတန်း ရွှေခါးပတ်လုပွဲတွင် တစ်အုပ်စုတည်းကျရောက်သော ဟိန်းညီညီနိုင် နှင့် မောရှည် တို့ကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲတွင် သတ္တိအောင်(တောင်ကလေး)နှင့် ဆုံ၏။ သုံးချီလောက် ထိုးအပြီးတွင် သတ္တိအောင် အရှုံးပေးလိုက်လေ၏။
“ပျော်တာပေါ့ဗျာ..၊ ကျွန်တော်မျှော်မှန်းထားတဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ အမြင့်ဆုံးဆုပဲ..၊ အခု အဲဒီရွှေခါးပတ်ကို ပုလော က အမေ့အိမ်မှာ ထားထားတယ်ဗျ..”
ဘဝ၏ အောင်မြင်မှုမှတ်တိုင်တစ်ရပ်ကို အမေ့အိမ်တွင် စိုက်ထူထားခွင့်ရသော သားတစ်ယောက်၏ ကြည်နူးသံကို သူ့ထံတွင် ကြားရပါသည်။
၂၀၀၈ တွင် ဥရောပတိုက်သား Thamas Hentz berger မှ ဝိတ်တန်းညီသူ မြန်မာပြည်မှတစ်ယောက်ယောက်ဖြင့် မြန်မာ့လက်ဝှေ့ ထိုးလိုကြောင်း ဖိတ်ခေါ်လာပါ၏။ ဘာဂါနှင့် ဝိတ်တန်းတူ မြန်မာပြည်ရှိ (၆၀)ကီလိုတန်း (၃)ဦးကို စကာ တင်သောအခါ သူနှင့်အတူ ဝင်းထွန်း၊ သူရရဲအောင်တို့ စာရင်းပေါက်၏။ သို့သော်..၊ ၎င်းလက်ဝှေ့ကျော်(၂)ဦးစလုံးအား သူက နိုင်ထားပြီးသားဖြစ်နေသည့် အတွက် အုပ်ချုပ်သူနည်းပြဆရာ ဝင်ဇင်းဦးနှင့်အတူ ဥရောပတွင် သွားရောက်ယှဉ်ပြိုင် ထိုးသတ်ခွင့် ရခဲ့သည်။ သြစတြီးယားနိုင်ငံ ၊ဂရပ်(စ်)မြို့ရှိ EISSTADION GRAZ LIEBENAL ရုံကြီးတွင် ထိုးရ၏။ သြစတြီးယားရောက် ၈၈မျိုးဆက် တစ်ယောက်က ဆရာဝင်းဇင်ဦးရဲ့ လက်ထောင့်အကူလူအဖြင့် ကူညီဆောင်ရွက်ပေးခဲ့ သည်ကို သူအမှတ်ရနေလေ၏။
“သံဇကာဝိုင်းနဲ့ မထိုးဖူးတော့လေ..၊ အပြင်ဘက် ငါ ပြန်ထွက်ခွင့်ရပါ့မလားပေါ့”
ပထမချီတွင် သူအတော်ခံခဲ့ရ၏။ ဒုတိယချီနားချိန်တွင် ဘာဂါ၏ ညာလက်ညှိုးခုန်ရိုး ကျိုးသွားသဖြင့် သူ့အား အရှုံးပေးလိုက်ရ၏။
“ဗမာတွေ လာမထိုးခဲ့ဖူးသေးတဲ့နေရာမှာ ဗမာတွေကိုယ်စား ဗမာ့သတ္တိ ပြခွင့်ရတော့လေ.. သေရင်လည်း သေမယ်၊ ရှင်ရင်လည်း နိုင်ပွဲနဲ့ အိမ်ပြန်စေရမယ် ဆိုတဲ့ခံယူချက်နဲ့ ထိုးခဲ့ပါတယ်..”
သူ၏ပြည်တော်ပြန်ခရီးတွင် မြန်မာ့သတ္တိဂုဏ်ရောင် ထွန်းပြောင်စေခဲ့သော ဥရောပနိုင်ပွဲအား မြန်မာပြည်သားများအတွက် သယ်ဆောင်နိုင်ခဲ့လေသည်။
******
 Credit မတ်လ ၈ရက် ၂၀၁၅ ခုနှစ် Dawei Watch တွင် ရေးသားဖော်ပြပြီးသော " အသည်းမကြောင် တွေ့မရှောင် " သတင်းဆောင်းပါးကို မိတ်ဆွေများ ပြန်လည် ဖတ်ရှုနိုင်စေရန် တည်းဖြတ် ဖော်ပြပါသည်။

 

Comments

Click !

Hey !