Labels

Show more

Hi !

သမိုင်းမတွင်ပေမယ့် ခမ်းနားခဲ့တဲ့ ယူနိုက်တက်ရဲ့ နိုင်ပွဲ



 

(ယူနိုက်တက် 4-3 လီဗာပူး ပွဲပြီးမြင်ကွင်းကျယ်)
ယူနိုက်တက် ကစားပုံကောင်းတယ်။ ပြီးတော့ ယူနိုက်တက် ညံ့သွားတယ်။ အဲ့ဒီနောက် ယူနိုက်တက် မယုံနိုင်လောက်အောင် ပြန်ကောင်းလာတယ်…
လီဗာပူး အားနည်းခဲ့တယ်။ နောက်တော့ လီဗာပူးအတော်ကောင်းလာတယ်။ အဲ့ဒီနောက်ပိုင်းမှာ လီဗာပူး သိသိသာသာ ကျဆင်းသွားခဲ့ပြန်တယ်။ ဒီလောက်နိမ့်မြင့်တက်ကျများတဲ့ ပွဲစဉ်မျိုးကတော့ ခပ်ရှားရှားပါပဲ…
နည်းပြတန်ဟတ်ရဲ့ ပွဲကြိုပြင်ဆင်မှု တကယ်ကောင်းခဲ့ပါတယ်။ ဒဏ်ရာပြန်ကောင်းခါစ ဘစ္စကာနဲ့ ဟွိုက်လန်းနှစ်ယောက်စလုံးကို ပွဲထွက်လူစာရင်းမှာ ချက်ချင်းပြန်သုံးခဲ့တာကြောင့် နည်းနည်းစွန့်စားခဲ့(ရ)တယ်လို့လည်း ဆိုနိုင်ပါတယ်…
ယူနိုက်တက်က ထုံးစံအတိုင်း 4-2-3-1ကစားကွက်နဲ့ ပွဲထွက်လာခဲ့တယ်။ ကိုယ်ကတိုက်စစ်ဆင်ကစားရချိန်တွေမှာတော့ 3-box-3ပုံစံကို ပြောင်းကစားပါတယ်…
အိုနာနာ
ဒါလော့၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ ဘစ္စကာ
တိုမီနေး၊ မိုင်နူး
ဂါနာချို၊ ဘရူနို၊ ရပ်ဖို့ဒ်
ဟွိုက်လန်း။
Left-backစစ်စစ် တစ်ယောက်မှမရှိတဲ့အခြေအနေကြောင့် ဘစ္စကာ-ဒါလော့ Right-backနှစ်ယောက်စလုံးကို တစ်ပြိုင်နက် ထည့်သုံးရတာ အံ့သြစရာမရှိပါဘူး။ ဒါပေမယ့် ဒီနှစ်ယောက်မှာ ဒါလော့ကို LBပို့တာက ပိုပြီးသဘာဝကျတဲ့ ရွေးချယ်မှုဖြစ်နိုင်ပါတယ်။ ဒါလော့က ပိုပြီးversatileဖြစ်သလို LBနေရာမှာ ကစားဖူးတဲ့အတွေ့အကြုံလည်း ပိုများလို့ပါပဲ...
ဒါပေမယ့် နည်းပြတန်ဟတ်ကတော့ ဒီပွဲမှာ ဘစ္စကာကိုပဲ LBသုံးသွားခဲ့တယ်။ ဒီအထိလည်း နည်းပြတန်ဟတ် ခင်းလာတဲ့အကွက်ကို ကျနော်တို့မြင်ပါသေးတယ်။ ဘစ္စကာဟာ 1v1 defendingအတော်ကောင်းတဲ့ Fullbackတစ်ယောက်ဖြစ်တာကြောင့် ဆာလာကိုပြန်ထိန်းဖို့ ရည်ရွယ်ချက်ပါပဲ…
ဒါပေမယ့် ဘစ္စကာLBနေရာမှာ ပွဲထွက်လာရခြင်း ရည်ရွယ်ချက်က အဲ့ဒီတစ်ခုထဲမဟုတ်ဘူးဆိုတာ ပွဲအစဆယ်မိနစ်အတွင်းမှာပဲ ကျနော်တို့သိလာရတယ်...
အဲ့ဒီအကြောင်းမပြောခင် ယူနိုက်တက်ရဲ့ build-upအကြောင်းကို ကျနော်တို့ စပြောကြတာပေါ့။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဒီရာသီယူနိုက်တက်ရဲ့ ကစားကွက်တည်ဆောက်မှုအပိုင်းကတော့ လိုအပ်ချက်တွေ အတော်များများရှိနေခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာ၊ အထူးသဖြင့် ပွဲချိန်အစောပိုင်းတွေမှာတော့ build-upတွေ အတော်ကောင်းခဲ့တာ တွေ့ရပါတယ်...
ဒါလော့က Inverted Fullbackပုံစံနဲ့ ကွင်းလယ်ကိုတက်ကူခဲ့တယ်။ ဒါလော့+မိုင်နူး double pivotပုံစံဖြစ်သွားပြီး သူတို့ရှေ့မှာ တိုမီနေးနဲ့ ဘရူနိုက နေရာယူရင်း box midfieldကို ပုံဖော်လိုက်တယ်။ 3-box-3 shapeနဲ့အတူ ယူနိုက်တက်ရဲ့ ကစားကွက်တည်ဆောက်မှု၊ တိုက်စစ်လမ်းကြောင်းဖော်ဆောင်မှုတွေ အတော်အလုပ်ဖြစ်ခဲ့ပါတယ်…
လီဗာပူးကလည်း typical 4-3-3ကစားကွက်ကနေ ကိုယ်ကတိုက်စစ်ကစားရချိန်တွေမှာ 3-box-3ပုံစံကိုပဲ ပြောင်းကစားခဲ့ပါတယ်…


ကယ်လီဟာ
ဂိုမက်ဇ်၊ ကွမ်ဆက်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်
မတ်အယ်လစ္စတာ၊ အန်ဒို၊ ဆိုဘော့ဇ်လိုင်
ဆာလာ၊ နူးညက်ဇ်၊ ဒီယက်ဇ်။
ကွင်းလယ်တက်ကူရတဲ့တာဝန်ကိုတော့ ဂိုမက်ဇ်က အဓိကယူသွားခဲ့တယ်။ ယူနိုက်တက်ကလည်း ဂိုမက်ဇ်ရဲ့ညာခြမ်းကို အဓိကပစ်မှတ်ထားပြီး တိုက်စစ်ဆင်ကစားဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်…
ဂိုမက်ဇ်ကို ဘရူနို+ရပ်ဖို့ဒ်အတွဲနဲ့ 2v1 ဖိအားပေးဖို့ ကြိုးစားခဲ့တယ်။ ဒါကို အန်ဒိုကဆင်းကူဖို့ ကြိုးစားတော့ ယူနိုက်တက်ဖက်က ဘစ္စကာလိုက်တက်လာတယ်။ ဆာလာက ခံစစ်ကို သိပ်ဆင်းကူလေ့မရှိတာကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တာပါပဲ…
ယူနိုက်တက်ဟာ ဂိုမက်ဇ်တာဝန်ယူထားရတဲ့ (လီဗာပူး)ညာခြမ်းခံစစ်ဇုန်တွေမှာ overloadနဲ့ ဖိအားပေးနိုင်ဖို့ အထူးတလည် ကြိုးစားသွားပါတယ်။ တိုမီနေးရဲ့ အဖွင့်ဂိုးဟာ အဲ့ဒီလိုoverloadတွေကြောင့်ပဲ ရခဲ့တာဖြစ်ပြီး အဲ့ဒီဂိုးမှာဆိုရင် right wingerဂါနာချိုကအစ ဘယ်ခြမ်းတိုက်စစ်မှာ လာရောက်ပူးပေါင်းခဲ့တာ တွေ့နိုင်ပါတယ်...
ဂိုမက်ဇ်ကို ပစ်မှတ်ထားဖိအားပေးလာခြင်းကြောင့် ယူနိုက်တက်ဖက်က ဦးဆောင်ဂိုးအပါအဝင် တိုက်စစ်အခွင့်အရေးကောင်းတွေ ရခဲ့တဲ့အပြင် လီဗာပူးရဲ့ build-upတွေကိုလည်း ထိထိရောက်ရောက် ထိုးနှက်နိုင်ခဲ့ပါတယ်…
Why???
လီဗာပူးFullbackတစ်စုံဖြစ်တဲ့ ဂိုမက်ဇ်နဲ့ရိုဘိုမှာ Inverted Fullbackအနေနဲ့ ကွင်းလယ်တက်ကူဖို့ကျတော့ ဂိုမက်ဇ်က ပိုအဆင်ပြေလို့ဖြစ်ပါတယ်။ သူတာဝန်ယူထားရတဲ့ ခံစစ်ဇုန်တွေကို ယူနိုက်တက်ဖက်က overloadတွေနဲ့ ဖိအားပေးလာတဲ့အခါ ဂိုမက်ဇ်လည်း ကွင်းလယ်ဝင်ကူဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် လီဗာပူးရဲ့ ကစားကွက်တည်ဆောက်မှုကို တစ်စုံတစ်ရာ ဟန့်တားလိုက်ပြီးသား ဖြစ်သွားပါတယ်…
ဒါပေမယ့် လီဗာပူးကစားသမားတွေကလည်း အသင်းလိုက်shapeကို အလိုက်သင့်ပြောင်းလဲသွားခဲ့တယ်။ ဂိုမက်ဇ်ကို third CBတာဝန်ပေးပြီး ရိုဘိုက ဘယ်ခြမ်းအတိုင်း overlapတောက်လျှောက်တက်လာတယ်။ ဒီယက်ဇ်ကတော့ Left-sided 8 roleကို ဝင်ကစားပြီး box-midfieldကို ပုံဖော်ခဲ့တယ်။ မတ်အယ်လစ္စတာ-အန်ဒို pivotအတွဲရှေ့မှာ 8/10 roleတစ်စုံအဖြစ် ဆိုဘော့ဇ်လိုင်နဲ့ ဒီယက်ဇ်ဖြစ်ပါတယ်…
ဒီလိုအသင်းလိုက်shapeပြောင်းလဲလိုက်ပြီးနောက် လီဗာပူး သိသိသာသာ ကစားအားတက်လာခဲ့တယ်။ ယူနိုက်တက်ဖက်ကို စတင်ခြိမ်းခြောက်နိုင်လာတယ်။ ဒါပေမယ့် ယူနိုက်တက်က 4-3-3 high-blockနဲ့ တုံ့ပြန်ကစားလိုက်တဲ့အခါ ပွဲက သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့ open-gameဖြစ်သွားတယ်။ အပြန်အလှန်တိုက်နေတယ်ဆိုပေမယ့် ပွဲချိန်မိနစ်၃၀ကျော်လောက်ထိ ယူနိုက်တက်ဖက်က ပိုကောင်းတဲ့၊ ဂိုးရဖို့ပိုနီးစပ်တဲ့ အခွင့်အရေးတွေ ရခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အသင်းလိုက်လုပ်အားနှုန်းက အရမ်းကောင်းခဲ့လို့ပါပဲ…
ဒါပေမယ့် အဲ့ဒီလိုအသင်းလိုက်လုပ်အားနှုန်းကောင်းနေတဲ့နောက်မှာ ပြဿနာတစ်ခုရှိပါတယ်။ ဒီလိုလုပ်အားနှုန်းမျိုးနဲ့ မိနစ်၉၀အပြည့်ကစားဖို့ ဘယ်လိုမှမဖြစ်နိုင်လို့ပါပဲ။ ဒီအတိုင်းသာဆက်ကစားရင် မိနစ်၆၀ကျော်မှာ အသင်းလိုက်သက်လုံက ကုန်သလောက်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ယူနိုက်တက်ဖက်က မဖြစ်မနေ ကစားအားပြန်ချဖို့လိုလာတယ်။ ဒါဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်…
ဒါပေမယ့် လီဗာပူးကလည်း ယူနိုက်တက် ဒီအချိန်ဆို ကစားအားချလိမ့်မယ်ဆိုတာ ကြိုသိထားသလား မှတ်ရလောက်အောင်ကို ချိန်သားကိုက် တင်ကစားလာခဲ့တယ်။ ရိုးရိုးတန်းတန်း တင်ကစားတာမျိုးမဟုတ်ဘဲ 4-4-2 mid-blockပုံစံနဲ့ ပြောင်းလဲပိတ်ဆို့နေတဲ့ ယူနိုက်တက်ရဲ့ အသင်းလိုက်shapeကို ပုံပျက်သွားအောင် ပါးပါးနပ်နပ် မျှားခေါ်ကစားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားတချို့ကလည်း အဲ့ဒီနောက်ကို ပါသွားခဲ့တယ်။ အကျိုးဆက်အနေနဲ့ ယူနိုက်တက်ဟာ high-pressနဲ့ deep defenseကို တစ်ပြိုင်ထဲတွဲသုံးနေသလို ဖြစ်သွားခဲ့တယ်။ ကွင်းလယ်တစ်တန်းလုံးကြီးပျောက်သွားတယ်။ ကစားအားကျလာသလို အသင်းလိုက်shapeကပါ စုစုစည်းစည်း မရှိတော့ဘဲ ယူနိုက်တက်ဟာ ပထမပိုင်းမပြီးခင်မှာပဲ ချေပဂိုးအပြင် ဦးဆောင်ဂိုးကိုပါ ခွင့်ပြုခဲ့ရပါတယ်…
ဒုတိယပိုင်းမှာတော့ လီဗာပူးက လီဗာပူးပိုဆန်လာခဲ့တယ်။ ကစားကွက်တည်ဆောက်မှု၊ တိုက်စစ်လမ်းကြောင်းဖော်ဆောင်မှုတွေပါ ပိုပြီး ထိထိရောက်ရောက်ရှိလာတယ်။ ယူနိုက်တက်ကို အဖက်ဖက်ကနေ လွှမ်းမိုးလာခဲ့တယ်။ ယူနိုက်တက်ကတော့ ဒုတိယပိုင်းပွဲချိန်အများစုမှာ နောက်ကလိုက်ကစားခဲ့ရတယ်။ ဒဏ်ရာသက်သာခါစ ဟွိုက်လန်းနဲ့ ဘစ္စကာကို မိနစ်၇၀ကျော်မှာ မဖြစ်မနေသဘောမျိုး လူစားပြန်လဲရတယ်။ သူတို့နေရာကို အန်တိုနီနဲ့ မက်ဂွိုင်းယားဝင်လာတယ်။ ယူနိုက်တက်ရဲ့ Front Threeက အန်တိုနီ-ရပ်ဖို့ဒ်-ဂါနာချိုဖြစ်သွားပြီး မက်ဂွိုင်းယား-ဗာရန်းCBအတွဲနဲ့ လင်ဒီလော့ဖ်LBဖြစ်သွားတယ်။ နည်းဗျူဟာရှုထောင့်အရဆို ပိုတောင်အားနည်းသွားတယ်လို့ သေချာပေါက်ပြောလို့ရတဲ့ အနေအထားပဲ...
ပွဲချိန်မိနစ်၇၀ကျော်မှာတော့ ယာဂင်ကလော့ပ်ကိုယ်တိုင် ဒီပွဲကို သူတို့နိုင်ပြီလို့ ထင်ခဲ့ပုံရတယ်။ ဒါကတော့ ကျနော့်ရဲ့တစ်ကိုယ်ရည်စွပ်စွဲချက်ဖြစ်ပါတယ်။ သူတကယ်ပဲ အဲ့ဒီလိုထင်ခဲ့တယ်ဆိုရင်လည်း အပြစ်ပြောဖို့ခက်မှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီအချိန်ထိ ယူနိုက်တက်ရဲ့ ဒုတိယပိုင်းကစားပုံဟာ ဘယ်လိုမှအားရစရာမရှိခဲ့ဘူး။ လီဗာပူးနောက်တစ်ဂိုးရမလား၊ မရဘူူးလားကိုပဲ အဓိကကြည့်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီလိုနဲ့ မိနစ်၇၀ကျော်မှာ ယာဂင်ကလော့ပ်က ဆိုဘော့ဇ်လိုင်၊ ရိုဘိုနဲ့ ဆာလာတို့ကို ရှေ့ဆင့်နောက်ဆင့်ထုတ်ပြီး ဟာဗေး၊ ဘရက်ဒ်လေနဲ့ ဂတ်ပိုကို ထည့်ကစားခဲ့တယ်…
မိနစ်၈၀မှာ ယူနိုက်တက်ဖက်က မိုင်နူးအစား အဲရစ်ဆင်၊ အဲ့ဒီနောက် ၈၅မိနစ်မှာတော့ ဗာရန်းအစား အာမက်ဝင်လာတယ်။ အန်တိုနီ Left-back, အာမက် right-wingerဖြစ်သွားတယ်။ ပွဲကပြီးသလောက်ဖြစ်သွားပြီလို့ အတော်များများ စိတ်လျှော့လိုက်ရတဲ့ အခြေအနေပါပဲ...
ဒါပေမယ့် နောက်ထပ်၂မိနစ်အကြာမှာ ယူနိုက်တက်ချေပဂိုးရသွားတယ်။ ဘယ်လိုမှထင်မှတ်မထားတဲ့ပုံစံလို့ပဲ ပြောရမလား၊ ဘယ်တစ်ပေါက်ပဲသုံးတတ်လို့ ဝေဖန်ခံနေရတဲ့၊ အဲ့ဒီဘယ်တစ်ပေါက်တောင် သိပ်အလုပ်မဖြစ်ဘူးဖြစ်နေတဲ့ အန်တိုနီက ညာခြေနဲ့ သပ်သပ်ရပ်ရပ်လှည့်ကန်သွားခဲ့တာဖြစ်ပါတယ်…
အဲ့ဒီနောက် လီဗာပူးချက်ချင်း ဦးဆောင်ဂိုးပြန်ရတော့မလိုလို ဖြစ်ခဲ့ပေမယ့် အိုနာနာက ဂိုးပေါက်နဲ့ အတော်ဝေးဝေးထိထွက်ပြီး တားဆီးခဲ့တယ်။ နောက်ဆုံး ဒီဘောလုံးကို မက်ဂွိုင်းယားရှင်းထုတ်နိုင်ခဲ့တယ်…
ဒါပေမယ့် ယူနိုက်တက်ရဲ့ချေပဂိုးဟာ ပွဲရဲ့ချိန်ခွင်လျှာကို ပြောင်းပြန်ဖြစ်သွားစေခဲ့တာတော့ အမှန်ပဲ။ အဲ့ဒီနောက်ပိုင်း ယူနိုက်တက်က သာမန်ပွဲချိန်တွင်းမှာ အနိုင်ဂိုးရဖို့ထိ တင်ကစားလာခဲ့တယ်။ အခွင့်အရေးတချို့လည်း ရခဲ့တယ်။ ဒါပေမယ့် ဂိုးတော့မဖြစ်ခဲ့တဲ့အတွက် အချိန်ပိုဆက်ကြည့်ရဖို့ ဖြစ်လာပါတယ်…
အချိန်ပိုပထမပိုင်းကတော့ အပြန်အလှန်ပါပဲ။ လီဗာပူးဟာ ပွဲtempoကို ပြန်ထိန်းနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ယူနိုက်တက်ကလည်း အဲ့ဒီလိုအထိန်းမခံခဲ့ဘူး။ မက်ဂွိုင်းယားအထောင်၊ ဘရူနိုCBဆိုတဲ့ ပုံစံမျိုးတွေပါ ကျနော်တို့မြင်လာရတယ်။ အချိန်ပိုပထမပိုင်းပြီးခါနီးမှာ ဟာဗေးက 2-3ဖြစ်စေခဲ့တယ်။ ပွဲပြီးသွားပြီလို့ နောက်တစ်ကြိမ်ထင်မှတ်လောက်စရာ ဖြစ်ခဲ့ပါတယ်။ ကွင်းထဲက ယူနိုက်တက်ရဲ့ ကစားသမားအင်အားကြောင့်ပါပဲ…
အချိန်ပိုပထမပိုင်းအပြီး ယူနိုက်တက်ရဲ့ ကစားကွက်နဲ့ အသင်းလိုက်shapeကို အခုလိုတွေ့နိုင်ပါတယ်…
အိုနာနာ
ဒါလော့၊ မက်ဂွိုင်းယား၊ ဘရူနို၊ အန်တိုနီ
မေဆန်မောင့်၊ အဲရစ်ဆင်၊ တိုမီနေး၊ ဂါနာချို
အာမက်၊ ရပ်ဖို့ဒ်။
အချိန်ပိုဒုတိယပိုင်းပြန်စပြီဆိုတာနဲ့ ယူနိုက်တက်က အားကုန်ထုတ်ကစားခဲ့တယ်။ ကိုယ်ကဘောလုံးရနေသည်ဖြစ်စေ၊ ဆုံးရှူံးနေသည်ဖြစ်စေ ခံစစ်ကို လုံးဝဖွင့်ထားခဲ့ပြီး လီဗာပူးကွင်းဖက်ခြမ်းမှာ အနည်းဆုံးကစားသမား၈ယောက်လောက်နဲ့ ဖိအားပေးခဲ့တယ်။ ယူနိုက်တက်ရဲ့ လုပ်အားနှုန်းတွေ၊ ခံစစ်ကိုလုံးဝဖွင့်ချခဲ့ပြီး တိုက်စစ်တစ်လိုင်းကစားလာပုံတွေကို လီဗာပူးဖက်က ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ရပ်ဖို့ဒ်ရဲ့ချေပဂိုးဖြစ်လာတယ်။ 3-3နဲ့ ပင်နယ်တီကို ဦးတည်နေပြီလို့ ထင်ခဲ့ရပေမယ့် အာမက်ရဲ့အနိုင်ဂိုးက ချိန်သားကိုက် ထပ်ရောက်လာခဲ့တယ်…
Big Matchတွေကို နည်းဗျူဟာပိုင်း သုံးသပ်နေကျမို့လို့သာ ထည့်ပြောရပေမယ့် တကယ်တော့ ဒီပွဲမှာ နည်းဗျူဟာပိုင်းတွေက သိပ်အဓိကမကျခဲ့ပါဘူး...
လီဗာပူးဖက်က နိုင်လောက်တဲ့အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်။ ပွဲအစမိနစ်၃၀လောက်ထိ ယူနိုက်တက်ကောင်းခဲ့ပြီးနောက် နောက်ထပ်မိနစ်၅၀ကျော်မှာ လီဗာပူးက အဖက်ဖက်က အသာစီးယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အခွင့်အရေးမယူနိုင်ခဲ့ကြဘူး…
သတ္တိရှိပြီး လုပ်ရဲကိုင်ရဲတဲ့သူတွေကို ဘုရားသခင်ဟာ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ အခွင့်အရေးပေးတတ်စမြဲပါပဲ။ မျှော်လင့်ချက်မရှိတော့တဲ့ အခြေအနေမျိုးမှာ အဲရစ်တန်ဟတ်ဟာ အံ့အားသင့်စရာအပြောင်းအလဲတွေကို ရဲရဲတင်းတင်းလုပ်ခဲ့တယ်။ အလုပ်မဖြစ်ခဲ့ရင် သုံးလေးလလောက်ကနေ (အခန့်မသင့်ရင်) တစ်သက်လုံး အပြောအဆိုခံရလောက်တဲ့ အပြောင်းအလဲတွေဖြစ်ပါတယ်။ ဒါပေမယ့် သူလုပ်ခဲ့တယ်။ အဲ့ဒီအပြောင်းအလဲတွေက အလုပ်ဖြစ်ခဲ့တယ်။ သူဆုံးဖြတ်ထားတဲ့လမ်းကြောင်းအတိုင်း ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံးကြိုးစားပေးခဲ့ကြတဲ့ ကစားသမားတွေကိုလည်း အသိအမှတ်ပြုရပါမယ်…
ဒီလိုပွဲမျိုး၊ ဒီလိုပြိုင်ဖက်မျိုးကို ဒီလိုပုံစံနဲ့ နိုင်လိုက်ခြင်းကပဲ ယူနိုက်တက်ရဲ့ ဒီရာသီလက်ကျန်ပွဲစဉ်တွေအတွက် ကောင်းမွန်သောအချိုးအကွေ့တစ်ခု ဖြစ်လာမယ်လို့လည်း ယုံကြည်ရပါတယ်…




Comments

Click !

Hey !