Labels

Show more

Hi !

ဘိုင်ယန်ဟာ လေဗာကူဆင်ကို ဖျက်ဆီးတော့မှာလား ...?

 




ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းဟာ လေဗာကူဆင်ကို အနိင်ရခဲ့ရင် အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရမယ့် အခွင့်အရေးရှိခဲ့ပေမယ့်
တကယ်တမ်းမှာတော့ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ခုဆိုရင် လေဗာကူဆင် နဲ့ ၅ မှတ်အထိ ကွာဟာသွားပြီဖြစ်ပါတယ်။ ဒီရှုံးပွဲဟာ ဘိုင်ယန်မြူးနစ် အတွက် ဘွန်ဒစ်လီဂါမှာ လက်ရှိအချိန်အထိ ၃ ပွဲမြောက်ရှုံးပွဲဖြစ်ပါတယ်။ တကယ်တော့ ၃ ပွဲဆိုတဲ့ ရှုံးပွဲဟာ များတယ်လို့ မဆိုနိုင်ပေမယ့် လုံးဝ ရှုံးပွဲမရှိဘဲ ပြေးနေတဲ့ လေဘာကူဆင် နဲ့ ယှဉ်လိုက်တဲ့အခါမှာတော့ ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်တူချယ် အတွက် ဖိအားတွေ များလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ နှစ်လည်ပိုင်းက ဂျာမန်စူပါကပ် မှာလည်း သောမတ်တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်ဟာ လိုက်ပ်ဇစ် အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးတော့ ဖလား လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်ဖလားမှာလည်း တတိယတန်း ကလပ်အသင်း ဖြစ်တဲ့ Saarbruecken ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးတော့ပြိုင်ပွဲက ထွက်ခွာခဲ့ပါတယ်။
သောမတ်တူချယ်အနေနဲ့ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် ဖလားပွဲ ရှုံးပွဲ ၂ ပွဲ၊ ဘွန်ဒစ်လီဂါ ရှုံးပွဲ ၃ ပွဲ၊ စုစုပေါင်း ၅ ပွဲပဲ ရှုံးနိမ့်ထားတယ်ဆိုပေမယ့် လက်ရှိအချိန်မှာတော့ သူရဲ့ နည်းပြရာထူးအတွက်တော့ ခပ်လှုပ်လှုပ်ဖြစ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ သောမတ်တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိအချိန်အထိတော့ ချန်ပီယံလိဂ်မှာ အခြေအနေကောင်းနေပါသေးတယ်။ မတော်လို့များ ချန်ပီယံလိဂ်မှာ လာဇီယိုကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရမယ်ဆိုရင်တော့ တူချယ်ဟာ သေချာပေါက် နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဆိုတာ ဘွန်ဒစ်လီဂါမှာ တကောင်တည်းပြေးတဲ့မြင်းလို့ ပြောလို့ရအောင်ကို ၃၃ ကြိမ် ချန်ပီယံ၊ ၁၁ နှစ်ဆက်တိုက် ချန်ပီယံ စတဲ့ စံချိန်ကောင်းတွေပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်လို့ သောမတ် တူချယ်အနေနဲ့ ဘယ်လိုမှကို အမှားခံလို့မရတဲ့ အနေအထားတစ်ခု ဖြစ်နေတာပါ။ ပုံမှန် အသင်းတစ်သင်းအတွက် ဆိုရင်တော့ ဒီရာသီမှာ လိဂ်ပြိုင်ပွဲ ၂၁ ပွဲမှာ ၃ ပွဲရှုံးဆိုတဲ့ ကိန်းဂဏန်းက ပြသနာမရှိပေမယ့် ဘိုင်ယန်မြူးနစ်လို အသင်းအတွက် ပြသနာပါ။
ဒါကြောင့် သောမတ်တူချယ် ဘယ်အချိန်အထိ ဘိုင်ယန်မှာ ဆက်ရှိနေမလဲ ...?
သောမတ်တူချယ် ဘိုင်ယန်မြူးနစ်က ထွက်တာကတော့ ဟုတ်ပါပြီ ဘယ်နည်းပြ ဘိုင်ယန်ကိုလာမလဲ ... ?
ဇတ်လမ်းက ခုမှ စတာပါ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ပစ်မှတ်နည်းပြက "အလွန်ဆို" ဖြစ်တယ်လို့ ဂျာမန် မီဒီယာ အချို့မှာ ဖော်ပြနေကြပါတယ်။ အလွန်ဆိုဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးလည်းဖြစ်တဲ့အတွက် ဘိုင်ယန်မြူးနစ်အနေနဲ့ ခေါ်ယူနိုင်ဖို့အတွက် ယုံကြည်ချက် ရှိနေတယ်လို့လည်းဆိုပါတယ်။
ဒီသတင်းက ဘောလုံးချစ်ပရိတ်သတ်တွေ အတွက် နည်းနည်းတော့ အောင့်သက်သက်ဖြစ်နေပါတယ်၊ ဒါပေမယ့် ဘိုင်ယန်ဆိုတာ လိုက်ပ်ဇစ် အသင်းတက်လာတဲ့အချိန်မှာ ဆာဗစ်ဆာ၊ လိုင်းမား စတဲ့ ကစားသမားတွေသာမက နည်းပြဖြစ်တဲ့ Nagelsmann ကိုပါခေါ်ယူခဲ့ဖူးတာကို သတိထားရမှာ ဖြစ်ပါတယ်။ ထို့အတူ ဒေါ့မွန်အသင်းက ကောင်းပါတယ်ဆိုတဲ့ ကစားသမားတွေကိုလည်း ဘိုင်ယန်မြူးနစ်က ခေါ်ယူခဲ့ဖူးပါတယ်။
ဘိုင်ယန်ဟာ ဂျာမန်လိဂ်မှာ တစ်ကောင်တည်းပြေးတဲ့မြင်းအဖြစ် ဆက်သွားနိုင်ဖို့ သူနဲ့ ပခုံးခြင်းယှဉ်ဖို့ ကြိုးစားလာတဲ့ အသင်းတိုင်းကို ကောင်းပါတယ်ဆိုတဲ့ကစားသမားတွေကို ခေါ်ယူခဲ့တာ အစဉ်အလာတစ်ခုလိုတောင် ဖြစ်နေပါပြီ၊ ခုလည်း အလွန်ဆို ရဲ့ လေဗာကူဆင် ဟာ ရွက်နုဝေစ ပဲရှိသေးတဲ့ အချိန်မှာ
အပင်မသန်နိုင်အောင် လုပ်ဖို့ တနည်းအားဖြင့် ဖျက်ဆီးဖို့ တနည်းအားဖြင့် စောစောစီးစီး ဦးချိုး ဖို့အတွက် ဘိုင်ယန်က ပြင်ဆင်နေပြီလား ...

Comments

Click !

Hey !