Labels

Show more

Hi !

#ManCity 0-0 Arsenal မန်စီးတီး 0-0 အာဆင်နယ် သုံးသပ်ချက်

 



မန်စီးတီး 0-0 အာဆင်နယ် ပွဲပြီးအတွေးများ...

ဂွာဒီယိုလာနဲ့ အာတီတာ နှစ်ဦးစလုံးက ဒီပွဲကို အတော်လေးသတိကြီးစွာ ကိုင်တွယ်သွားခဲ့ကြတယ်။ တစ်ယောက်ရဲ့အကွက်ကို တစ်ယောက်က ကြိုမြင်နေပုံရပြီး အဲ့ဒါကို ဘယ်လိုချေဖျက်မလဲဆိုတာကိုပဲ အဓိကအာရုံစိုက်ခဲ့ကြဟန်တူတယ်။ တကယ်လည်း ချေဖျက်နိုင်ခဲ့ကြတယ်...
riskတွေ၊ sacrificeတွေ လုံးဝနီးပါးမပါဝင်ခဲ့ဘဲ အပိုင်သေချာတွက်ချက်ထားတဲ့ နည်းဗျူဟာရွှေ့ကွက်တွေကိုပဲ အသုံးပြုသွားတာဖြစ်တဲ့အတွက် ဖျော်ဖြေရေးရှုထောင့်ကနေ ကြည့်ရင်တော့ ပျင်းစရာလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နှစ်ဦးစလုံးက အရမ်းတိကျသေချာလွန်းနေတော့ ရှေ့မှာ ဘာဆက်ဖြစ်မလဲ ကြိုခန့်မှန်းလို့ရနေတာကိုး...
ဒါပေမယ့် နည်းဗျူဟာရှုထောင့်အားဖြင့်တော့ အတော်လေးပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ပွဲပဲလို့ ကျနော်မြင်ပါတယ်...
မထင်မှတ်တဲ့ ရွှေ့ကွက်တစ်ခုနဲ့ ပွဲကိုစတင်ခဲ့တာတော့ အာတီတာပါပဲ။ ဒီဖက်နှစ်တွေမှာ အာဆင်နယ်ကစားနေကျပုံစံနဲ့ အတော်လေးကို ကွဲပြားခြားနားစွာပဲ ခံစစ်အသားပေးပုံစံနဲ့ ပွဲထွက်လာခဲ့တယ်။ low-block, mid-blockတွေနဲ့ မန်စီးတီးကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့တယ်...
wingerတစ်စုံဖြစ်တဲ့ ဆာကာနဲ့ ဂျေးဇုစ်ဟာ wing-backတွေလို ပုံစံပေါက်သွားတယ်။ ခံစစ်ကို သတိကြီးစွာ ဆင်းကူခဲ့ကြတယ်...
ဒါပေမယ့် အခွင့်အရေးရလာပြီဆိုရင်လည်း တန်ပြန်တိုက်စစ်ကို မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက်နဲ့ စတင်သွားနိုင်ခဲ့တာပဲ...
ဘောလုံးမှာ lvတူအသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့အခါ ဗျူဟာဘယ်လောက်ပဲကောင်းကောင်း တစ်သင်းကိုတစ်သင်း ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်ဖို့တော့ မဖြစ်နိုင်သလောက်နီးနီး ခက်ခဲပါတယ်။ ရာခိုင်နှုန်းအတော်များများ ထိန်းချုပ်ထားနိုင်ဖို့ကိုပဲ ရည်ရွယ်ပြင်ဆင်ကြရတာပါ...
ဒီပွဲမှာ အာဆင်နယ်ဟာ မန်စီးတီးကို half-spaceတွေထဲမှာ အလုပ်လုပ်ခွင့်သိပ်မပေးခဲ့ဘူး။ ဒီzoneတွေမှာ ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ ဖိုဒန်၊ ဒီဘရိုင်းနားနဲ့ ဘာနာဒိုတို့ကို zonal-marking, man-markingနှစ်မျိုးစလုံးသုံးပြီး ချုပ်ကစားသွားခဲ့တယ်...
မန်စီးတီးကလည်း အာဆင်နယ်စိတ်ကြိုက် တန်ပြန်တိုက်စစ်ကစားခွင့်မရအောင်၊ wingerတွေဖြစ်တဲ့ ဆာကာနဲ့ဂျေးဇုစ်ဟာ False9ဟာဗတ်ဇ်နဲ့ ချိတ်ဆက်ခွင့်မရအောင် စနစ်တကျ ကန့်သတ်သွားခဲ့တယ်...
ဒုတိယပိုင်းမှာတော့ half-spaceမှာ အလုပ်လုပ်ဖို့ခက်နေတဲ့ ပြဿနာကိုဖြေရှင်းဖို့ ဂွာဒီယိုလာက ဒိုကူနဲ့ ဂရီးလစ်ရှ် wingerတစ်စုံကို ထည့်ကစားခဲ့တယ်။ အာဆင်နယ်ခံစစ်ကြောင်းကို ချဲထုတ်ဖို့၊ ဒီဘရိုင်းနား-ဘာနာဒိုတို့ရဲ့အားနဲ့ half-spaceမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ပုံရပါတယ်...
ဒါပေမယ့် အာတီတာကလည်း အဲ့ဒါကို ကြိုတင်မျှော်လင့်ထားသလိုပါပဲ။ မိနစ်အနည်းငယ်အကြာမှာပဲ ကီဝီအောနဲ့ ဂျော်ဂျင်ဟိုနေရာမှာ တိုမီယာဆုနဲ့ပါတေးကို ထည့်ကစားလိုက်တယ်။ ပိုလှုပ်နိုင်တဲ့ ဒိုကူကို တိုမီယာဆုနဲ့ ပြန်ထိန်းလိုက်တာဖြစ်ပါတယ်...
wingerတွေ၊ 8/10 roleတွေ စိတ်ကြိုက်ကစားခွင့်မရချိန်မှာ အထူးခြေစွမ်းပြသွားခဲ့သူကတော့ ရိုဒရီပါပဲ။ ပွဲချိန်အများစုမှာ တစ်ကွင်းလုံး သူ့လက်သူ့ခြေဖြစ်နေခဲ့တယ်။ အာဆင်နယ်defensive blockထဲမှာ သူ့အသင်းဖော်တွေပိတ်မိနေချိန်၊ အသင်းကိုအကောင်းဆုံးကူညီပေးဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် သူကြိုးစားသွားခဲ့တယ်...
အာဆင်နယ်ရဲ့ စနစ်ကျတဲ့ low-block, mid-blockတွေမှာလည်း ဒီကလန်ရိုက်စ်က ဗဟိုချက်ပါပဲ။ မန်စီးတီးလိုအသင်းမျိုးကို ဟာကွက်မရှိသလောက်နီးနီး ပိတ်ဆို့ဟန့်တားနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်defensive blockတစ်ခုလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဦးဆောင်သွားနိုင်ခဲ့တယ်...
ပြီးခဲ့တဲ့တစ်နှစ်လောက်တုန်းက အီတီဟတ်ထိပ်တိုက်တွေ့ဆုံမှုမှာ မန်စီးတီးနဲ့ အာဆင်နယ်ကြား lvတစ်ခု ခြားနားနေသေးတယ်ဆိုတာ အထင်အရှားမြင်ခဲ့ရဖူးတယ်။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ အဲ့ဒီလိုgapမျိုးတွေ ကျနော်တို့တွေ့ရတော့မှာမဟုတ်ပါဘူး။ ဒါဟာ အာဆင်နယ်ရဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်တယ်။ နည်းပြအာတီတာအပါအဝင် တစ်သင်းလုံးရဲ့ ကြိုးစားမှုဖြစ်တယ်။ တစ်သင်းလုံးကို အသိအမှတ်ပြုရပါမယ်...
ဒါပေမယ့် ဒီကလန်ရိုက်စ်ရဲ့ အခန်းကဏ္ဍကလည်း အတော်ကြီးပါတယ်။ အာဆင်နယ်ဟာ တစ်နှစ်အတွင်းမှာ သူတို့နဲ့ မန်စီးတီးကြားက ကွာဟချက်တွေကို အများကြီးလျှော့ချလိုက်နိုင်တယ်။ ချုံ့ပစ်လိုက်နိုင်တယ်။ အဲ့လိုလုပ်နိုင်ခဲ့ခြင်းမှာ ဒီကလန်ရိုက်စ်ရဲ့ ခြေရာလက်ရာတွေ အတော်များများ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်...
အားရစရာကောင်းချင်မှကောင်းနိုင်ပေမယ့် မန်စီးတီးရဲ့ ခိုင်မာမှုကိုလည်း အသိအမှတ်ပြုရပါမယ်။ ပွဲတစ်ပွဲမှာ ကိုယ့်စိတ်ကြိုက်ဘောလုံးကိုင်ကစားဖို့ဆိုတာ မန်စီးတီးလို အသင်းအတွက် ဘာမှမခက်ဘူး။ အခုပွဲမှာ အာဆင်နယ်ကိုယ်တိုင်ကလည်း မန်စီးတီးကို စိတ်ကြိုက်ဘောလုံးပေးကိုင်ထားတဲ့ သဘောရှိတယ်။ ဒါကြောင့် ဒီအပိုင်းမှာ မန်စီးတီးအတွက် ပိုလွယ်သွားတယ်...
မလွယ်တာကတော့ counterသိပ်အများကြီးမပေါက်ဘဲ စိတ်ကြိုက်ဖိကစားနိုင်ဖို့ပါပဲ။ အာဆင်နယ်ဟာ တန်ပြန်တိုက်စစ်နဲ့ နာမည်ရနေတဲ့အသင်းမဟုတ်ပေမယ့် တန်ပြန်တိုက်စစ် ကောင်းကောင်းကစားလို့ရနိုင်တဲ့ လက်နက်တွေ သူတို့မှာ အပြည့်အစုံရှိနေပါတယ်...
ခံစစ်ကြောင်းက ခိုင်မာမှုရှိတယ်။ ဂျော်ဂျင်ဟိုနဲ့ အိုဒီဂတ်အပြင် ဒီကလန်ရိုက်စ်ကလည်း ထိုက်သင့်တဲ့ vision & passing rangeမျိုးရှိနေတယ်။ ဆာကာက 1v1ထိန်းရခက်တဲ့ wingerမျိုးဖြစ်တယ်။ ဟာဗတ်ဇ်ကလည်း target manပုံစံမပေါက်တဲ့ target manပါပဲ။ သူ့ရဲ့အရပ်အမောင်းနဲ့ ပါးနပ်မှုအရ အမြင့်ဘောတွေကို ကောင်းကောင်းလက်ခံကစားနိုင်ပါတယ်...
တန်ပြန်တိုက်စစ်ကောင်းကောင်းကစားနိုင်တဲ့၊ တကယ်လည်းကစားခဲ့တဲ့ အသင်းတစ်သင်းကို မန်စီးတီးရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အာဆင်နယ်ရဲ့တန်ပြန်တိုက်စစ်တွေကို ရာခိုင်နှုန်းအတော်များများ ကန့်သတ်လျှော့ချလိုက်နိုင်တယ်...
အတိုချုပ်အားဖြင့်တော့ နှစ်သင်းစလုံးက နိုင်ပွဲရဖို့ထက် မရှူံးဖို့ကို အဓိကဦးစားပေးသွားတဲ့ပွဲပါပဲ။ ဒါလည်း သဘာဝကျပါတယ်။ ရမှတ်အရ အရမ်းကွာနေတာမဟုတ်ပေမယ့် တစ်မှတ်ဆိုဆိုသလောက် သိသာနေတဲ့ အခြေအနေမှာ ရှူံးတဲ့အသင်းက ချန်ပီယံပြေးလမ်းမှာ နောက်ကျကျန်နေခဲ့မယ်။ ပိုအရေးကြီးတဲ့အချက်အနေနဲ့ စိတ်ဓာတ်ရေးရာအရပါ နိမ့်သွားနိုင်တယ်။ ဒါကြောင့် ဂွာဒီယိုလာနဲ့ အာတီတာနှစ်ဦးစလုံးက သတိကြီးစွာ ချဉ်းကပ်သွားခဲ့တာဖြစ်ပါလိမ့်မယ်...


Comments

Click !

Hey !