Labels

Show more

Hi !

လူတန် ၁-၂ မန်ယူနိုက်တက် ပွဲသုံးသပ်ချက်လေး

 


လူတန် ၁-၂ မန်ယူနိုက်တက်
လူတန်က ပရီးမီးယားလိဂ်ရဲ့ ကစားရအခက်ဆုံးအသင်းတွေထဲမှာ ပါပါတယ်။ ကစားအားကောင်းပြီး အသင်းလိုက်စုစည်းလွန်းတဲ့အတွက် ဒီအသင်းနဲ့ ကန်ရရင် ဘယ်အသင်းမှ သက်သောင့်သက်သာ မရှိကြဘူး။ အင်အားနည်းတဲ့ အသင်းမို့ ရှုံးပွဲများပေမဲ့ သူတို့ကို နိုင်ဖို့ အပြင်းအထန် အားစိုက်ထုတ်ရတာချည်းပဲ။
ယူနိုက်တက် ကံကောင်းတာက ပွဲအစ တစ်မိနစ်မပြည့်ခင်မှာပဲ လူတန်က အမှားကျူးလွန်ခဲ့ပြီး ဟွိုက်လန်းက အမိအရ အသုံးချသွားခဲ့တယ်။ ဒီဂိုးမှာ မြင်နိုင်တာက သူ့ရဲ့ ယုံကြည်မှုပါ။ ပွဲဆက်ဂိုးသွင်းရင်း တိုက်စစ်မှူးတစ်ဦးအတွက် လိုအပ်တဲ့ ယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်လာတယ်။ ဒီဂိုးက သူ့ရဲ့ ပရီးမီးယားလိဂ် (၆)ပွဲဆက်ဂိုးဖြစ်ပြီး ဒီလိုလုပ်နိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။ ခဏနေတော့ နောက်တစ်ဂိုး ထပ်ရတယ်။ ဂါနာချိုရဲ့ Volley ကန်ချက်က လွဲတော့မယ်ဆဲဆဲမှာ ဟွိုက်လန်းရဲ့ ရင်ဘတ်ဆီ ရောက်လာပြီး ဟွိုက်လန်း လမ်းကြောင်းပြောင်းလို့ ဂိုးသွင်းယူခဲ့ပြန်တယ်။ ကံကောင်းတာလို့ ပြောနိုင်သလို၊ Poacher တစ်ယောက်ရဲ့ ဗီဇလို့လည်း ပြောနိုင်တယ်။ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ဖို့ ဒီ ၂ ခုစလုံး လိုအပ်ပါတယ်။
ယူနိုက်တက်က ပွဲကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပေမဲ့ လူတန်ရဲ့ အင်အားပြည့်ကစားပုံကြောင့် ပြာယာခတ်ခဲ့ပြီး စောစောစီးစီးပဲ ချေပဂိုးတစ်ဂိုး ပြန်ပေးလိုက်ရတယ်။ လူတန်ရဲ့ သန်မြန်ပုံနဲ့ လှုပ်ရှားနိုင်စွမ်းက ကြောက်စရာကြီးပါ။ တကယ်တော့ ပထမပိုင်းမှာ သရေတောင် ပြန်ကျသွားနိုင်ခဲ့တဲ့အထိ လူတန် အခွင့်အရေးတွေ ရခဲ့တယ်။ လူတန်ရဲ့ တစ်သင်းလုံး တိုက်စစ်ကစားပုံကို တားဆီးဖို့ ယူနိုက်တက်မှာ အဖြေမရှိခဲ့ဘူး။ လူတန်မှာ ဗဟိုခံစစ်တွေဖြစ်တဲ့ ဘဲလ်၊ အိုရှိုးတို့ တိုက်စစ်အထိ လိုက်ပါချိတ်ဆက်ကစားတာ အားရစရာကြီးပါ။ သူတို့ပါ တက်လာတော့ နဂိုကတည်းကမှ ရပ်ရှ်ဖို့ဒ်၊ ဂါနာချိုတို့ရဲ့ အားနည်းတဲ့ Wing defense ဟာ ဖရိုဖရဲတွေ ဖြစ်နေပါတော့တယ်။
လူတန်ရဲ့ အားထားရတဲ့ LWB အယ်လ်ဖီဒေါက်တီက Freedom ရနေခဲ့ပြီး၊ နေရာ(၇)မျိုးလောက် ကစားတတ်တဲ့ အော့ဂ်ဘီနီကလည်း RWB နေရာကနေ ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုးကူညီနေခဲ့တယ်။ ဒါကြောင့် လူတန်က ထိုးဖောက်လာတိုင်း ယူနိုက်တက် မစားသာခဲ့ဘူး။ ဒါတောင်မှ အဓိကတိုက်စစ်မှူး အဒီယာယို သွေးပူလုပ်ရင်း ဒဏ်ရာရသွားလို့ ကံကောင်းခဲ့တာ။ သူသာပါရင် မောရစ်-အဒီဘာယိုအတွဲရဲ့ Dynamics ကြောင့် ယူနိုက်တက် ပိုဒုက္ခများဖို့ ရှိတယ်။ အခုတောင် လူတန်ရဲ့ Intensity ကြောင့် ယူနိုက်တက် မျက်ကလဲဆန်ပြာတွေ ဖြစ်ရတဲ့အပြင်၊ အဝါကတ်တွေပါ များကုန်တယ်။ ကက်စီမီရိုက နှစ်ဝါတစ်နီ ဖြစ်နိုင်ခဲ့ပေမဲ့ ဒိုင်က လျှော့ပေါ့စဉ်းစားပေးလိုက်လို့ သက်သာရာရသွားတယ်။ ကက်စီမီရိုကလည်း သူ့အတွေ့အကြုံမှ အားမနာ၊ လွတ်လွတ်နေတတ်တာ ဆိုးတယ်။ တန်ဟက်ဂ်ကတော့ အဝါထိထားတဲ့ မက်ဂွိုင်းရား၊ ကက်စီမီရိုတို့ကို ဒုတိယပိုင်းအစမှာ လူစားလဲပစ်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် ဒီပွဲမှာ အံကိုက်သွားတာက လူတန်ဟာ ကစားသမားများစွာ ရှေ့တက်ပြီး တိုက်စစ်ကစားတဲ့အတွက် ခံစစ်မှာ လွတ်ကွက်တွေ အများကြီး ပေါ်ပေါက်ခြင်းပါ။ ယူနိုက်တက်က ဒီဟာကွက်ကို အသုံးချပုံ ကျွမ်းကျင်တဲ့အတွက် လူတန် လျော့ရဲသွားတိုင်း ယူနိုက်တက်ဘက်က အခွင့်အရေးကြီးတွေ ပြန်ရခဲ့တယ်။ ဒုတိယပိုင်းမှာဆို တစ်ဦးချင်းအခွင့်အရေးကောင်းတွေ အမြောက်အမြား ရရှိခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်ပုံကတော့ တာတေလန်အောင် ဆိုးရွားလွန်းခဲ့ပါတယ်။ အခွင့်အရေး လွဲချော်ဖို့ အခွင့်အရေးကို ဖန်တီးနိုင်ဖို့လည်း လိုသေးတာမို့ ဒါကို အဆိုးချည်းပဲလို့တော့ မပြောနိုင်ဘူး။
ရပ်ရှ်ဖို့ဒ် - ဟွိုက်လန်း - ဂါနာချိုတို့ရဲ့ ပါဝါနဲ့ လှုပ်ရှားနိုင်စွမ်းက ကြောက်ခမန်းလိလိပဲ။ သူတို့ ၃ ယောက် (ဘယ်မှညာ အစဉ်အတိုင်း) တွဲကစားတိုင်း ယူနိုက်တက် ရာနှုန်းပြည့်နိုင်ပွဲ ရထားတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ ဂါနာချိုဟာ သူတို့ရဲ့ Explosive run တွေနဲ့ တိုက်စစ်လမ်းကြောင်းတွေ အများကြီး ဖွင့်နိုင်တယ်။ ဒီအတွဲအဖက်ကို တိုးတက်ဖို့ လိုအပ်သေးမှန်း အားလုံးလက်ခံထားကြပြီး တည်ဆောက်ဆဲကာလမှာ ဒီခြေစွမ်းက မဆိုးဘူးလို့ ပြောနိုင်ပါတယ်။
Peak form မှာ မရှိသေးတဲ့ ဒီ Trio က ထားပါတော့။ ဘရူနိုဖာနန်ဒက်စ်က ဘာဖြစ်နေမှန်း မသိတာ တော်တော်ဆိုးတယ်။ အသင်းက ပုံစံပြန်မှန်လာချိန်မှာ ဘရူနိုဆီကနေ ဒီထက်ပိုရသင့်တယ်။ သူ့ဆီက ပိုရရင် ဒီအသင်း ပိုကောင်းလာနိုင်တယ်။ ဒါပေမဲ့ ဘရူနိုက မပြည့်စုံမှုတွေ များလွန်းတယ်။ သူ့ဆီက Penetrating pass တွေ၊ Progression တွေ ထွက်ပေမဲ့ အဲဒါတွေက သေသေသပ်သပ် မရှိဘူး။ ဒါကြောင့် အဲဒီဖန်တီးမှုကို အသုံးချတဲ့အခါ အနည်းနဲ့အများ အခက်အခဲ တွေ့ပါတယ်။ ကွန်ပြူတာအချက်အလက်တွေမှာ ကောင်းရင် ကောင်းနေနိုင်ပေမဲ့ လက်တွေ့မှာတော့ ဒီဘရိုင်းနား၊ ဘားကမ့်၊ ပီယာလိုတို့ ပေးလိုက်တဲ့ ဘောလုံးလိုမျိုး Weighted ဖြစ်မနေဘူး။ ဆိုလိုချင်တာက မကောင်းတာ မဟုတ်၊ ကောင်းတဲ့အထဲမှာ ကောင်းသင့်သလောက် မကောင်းတာ။ ဘရူနိုက ဒီအသင်းရဲ့ ရှားရှားပါးပါး အရွယ်ကောင်း၊ အချိန်ကောင်း ကစားသမားဖြစ်လို့ သူ့ရဲ့ မပြည့်စုံမှုတချို့က အသင်းကို မချိတင်ကဲ ဖြစ်စေပါတယ်။
ဒီပွဲအနိုင်ကြောင့် ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲထဲမှာ အသက်ပြန်ရှိလာပါပြီ။ စနစ်သစ် ချန်ပီယံလိဂ်မှာ Quota ၅ နေရာအထိ ရနိုင်တာကြောင့် မျှော်လင့်ချက်ကြီးနေဆဲပါ။ ကွင်းပြင်ပ စီမံခန့်ခွဲမှု သတင်းကောင်းတွေကြားထဲမှာ ကွင်းတွင်းခြေစွမ်းတိုးတက်နေတာကြောင့် ပရိသတ်တွေအတွက်တော့ ဟန်းနီးမွန်းကာလပါပဲ။ တစ်ဆက်တည်းမှာ လူတန်ရဲ့ ခြေစွမ်းကိုလည်း ချီးကျူးချင်ပါတယ်။ အင်အားအနည်းဆုံး အသင်းဖြစ်ပေမဲ့ ဘယ်အသင်းကိုမှ လွယ်လွယ်နဲ့အရှုံးမပေး၊ ဘယ်အသင်းကိုမှ သက်‌သောင့်သက်သာ ဖြစ်ခွင့်မပေးတဲ့ ဒီအသင်းရဲ့ အားမာန်နဲ့ Teamwork ကို သ‌ဘောကျမိပါတယ်။ ဒီအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးချင်ပါသေးတယ် . . ။

 

Comments

Click !

Hey !